“ တိုင်းရင်းသား နိုင်ငံရေး (မွန်) ”

“ တိုင်းရင်းသား နိုင်ငံရေး (မွန်) ”

ကိုမျိုးသန့်ရေ ။        ။ အခုတစ်ပတ်လည်း ကျွန်တော်မွန်ပြည်နယ် မုဒုံမြို့ကို သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ် တောင်ကြီးခရီးစဉ် သွားခဲ့သလိုပဲ မွန်ပြည်နယ်က နိုင်ငံရေးပါတီ တချို့ကို ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတနဲ့ သတိပြုရမယ့် အချက်တွေ မျှဝေပေးဖို့ပါ။ ခရီးစဉ်အတွင်း ကျွန်တော်ဟာ မွန်ပြည်နယ် အခြေစိုက် အဓိကပါတီကြီး နှစ်ခုဖြစ်တဲ့ မွန်အမျိုးသားပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံမေးမြန်းတာ လုပ်ခဲ့ပါသေးတယ်။ မွန်နိုင်ငံရေးပါတီတွေအတွက် ရွေးကောက်ပွဲဆိုင်ရာ သင်တန်းကို မုဒုံမြို့ ဟင်္သာခန်းမမှာ လုပ်ပါတယ်။

အဲဒီမှာ မုဒုံမြို့အပြင် တခြားမြို့နယ်တွေက နိုင်ငံရေးပါတီဝင်တွေလည်း လာတက်ကြပါတယ်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီ တစည က အမတ်လောင်းတွေ၊ ပါတီဝင်တွေ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်မယ့်သူတွေ စုစုပေါင်း ၁၀၀ ဝန်းကျင်လောက် တက်တာ တွေ့ရပါတယ်။

ထုံးစံအတိုင်း ကျွန်တော်ကတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းသမား တစ်ယောက်ရဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။ နောက် မော်လမြို့နဲ့ မုဒုံမှာ မွန်နိုင်ငံရေး သမားတွေနဲ့ပြော ဆိုဆွေးနွေးခဲ့တာတွေအရ အချက်နှစ်ချက်ကို ကျွန်တော် သတိပြုမိခဲ့တယ်။ တစ်ခုကတော့ မွန်နိုင်ငံရေးသမားတွေ အသက်အရွယ် ကြီးရင့်နေကြပြီး နောက်မျိုးဆက်ကို လက်ဆင့်ကမ်းနိုင်ဖို့ ကြိုးစားနေကြတယ် ဆိုတာရယ်၊ နောက်မျိုးဆက် မွန်လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားမှု အားနည်းနေတာတွေပဲ ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာ အကြီးဆုံးလို့ဆိုနိုင်တဲ့ မွန်အမျိုး သားပါတီ ဥက္ကဋ္ဌ နိုင်ငွေသိမ်းဆိုရင် အသက် ၉၀ ကျော်ပါပြီ။

တစ်သက်လုံး နိုင်ငံရေးလုပ်လာတဲ့ ဝါရင့်နိုင်ငံရေးသမား တစ်ယောက်ဖြစ်ပြီး ကျန်းမာရေးမကောင်းတဲ့တိုင် ပါတီစည်းရုံးရေး လုပ်ငန်း တွေကိုတောင် တက်တက်ကြွကြွ လုပ်ကိုင်ဆောင်ရွက်နေဆဲ ဖြစ်ပါ သတဲ့။ နောက်ထပ် ခေါင်းဆောင်ပိုင်းတွေကတော့ အသက် ၈၀ ကျော်၊ အသက် ၇၀ ကျော်တွေလည်း ပါဝင်ပါတယ်။ ဒုဥက္ကဋ္ဌ ၂ အငြိမ်းစား ပညာရေးမှူး နိုင်ငွေသိမ်း (ဥက္ကဋ္ဌ နဲ့ နာမည်တူ) ဆိုရင်လည်း အသက် ၇၀ ကျော် ရှိနေပါပြီ။ ဒါပေမယ့် လူငယ်တစ်ယောက်လို လုပ်တုန်း ကိုင်တုန်းပါပဲ။

သူကတော့ နောက်မျိုးဆက် မွန်လူငယ်တွေဟာ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံထွက်ပြီး အလုပ် လုပ်မယ်၊ စီးပွားရှာမယ် စတာတွေကိုပဲ စိတ်ဝင်စားပြီး နိုင်ငံရေးမှာ ပါဝင်မှုအားနည်းတယ်လို့ ဆိုပါတယ်။ လက်ရှိ ပါတီနိုင်ငံရေး လုပ်ရတာကလည်း ဝင်ငွေရတဲ့အလုပ်မျိုး မဟုတ်လေတော့ သူတို့ အချိန်သိပ်မပေးနိုင်တာ သိပ်မဆန်းဘူးလို့တော့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောင်မျိုး ဆက်ကို နိုင်ငံရေးအမွေ လက်ဆင့်ကမ်း ပေးရမှာကတော့ အသေအချာပါပဲ။

ကိုမျိုးသန့်ရေ

အခုရက်ပိုင်း သတင်းမီဒီယာသမားတွေနဲ့ သက်ဆိုင်တဲ့ သတင်းတစ်ပုဒ်ကတော့ လာမယ့် ရွေးကောက်ပွဲမှာ သတင်းရယူနိုင်ရေး ကိစ္စပါ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ လာမယ့်ရွေးကောက် ပွဲနေ့ သတင်းရယူနိုင်ရေးနဲ့ ပတ်သက်ပြီး သတင်းမီဒီယာ အဖွဲ့အစည်းတွေကို စည်းကမ်းချက်တွေ ထုတ်ပြန်ပေးပို့ခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်တော် သိသလောက် အဲဒီ စည်းကမ်းချက်တွေထဲမှာ သတင်း ဌာန တစ်ခုအနေနဲ့ မြို့နယ် တစ်မြို့နယ်မှာ သတင်းသမား ၃  ယောက်အထိ သတင်းလိုက်ခိုင်းလို့ရတယ်။ အဲဒီလို သတင်းယူခွင့်ရဖို့ မြို့နယ် ကော်မရှင်မှာ သွားပြီး မှတ်ပုံတင်ရမယ်၊ မှတ်ပုံတင်ရာမှာကော် မရှင်က ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပါ့မယ်ဆိုပြီး လက်မှတ်ထိုးရမယ် စတဲ့အချက်တွေ ပါတယ်လို့ ဆိုပါတယ်။ ကိုမျိုးသန့် သိပြီးဖြစ်တဲ့အတိုင်း မီဒီယာသမား အများစု ဒီစည်းကမ်းချက်ကို လက်မခံနိုင်ကြပါဘူး။

ကျွန်တော့် တစ်ဦးချင်းအမြင်အရ ပြောရရင် ဘယ်သတင်းထောက်တွေ ဘယ်နေရာမှာပဲ သတင်းလိုက်ရမယ်ဆိုပြီး သတ်မှတ်တာ ကော်မရှင်ရဲ့ အလုပ်မဟုတ်ဘူးလို့ ထင်ပါတယ်။ သက်ဆိုင်ရာ သတင်းဌာနက သူ့ဖာသာသူ ရွေးချယ်တာဝန်ပေးမှာပါ။ သတင်းထောက် တစ်ယောက် မြို့နယ်ပေါင်းစုံ လျှောက်သွားချင်လည်း သွားမှာပါ။ ပြည်နယ်တစ်ခုမက သွားချင် လည်း သွားမှာပါ။နောက် တစ်ချက်က ရွေးကောက်ပွဲမှာ ဘယ်သူတွေ သတင်းယူခွင့်ရမလဲဆိုတဲ့ ကိစ္စပါ။ မီဒီယာ တစ်ခု ပုံစံတစ်မျိုးနဲ့ ရှုပ်ထွေးမှုတွေ ဖြစ်မှာ စိုးရိမ်ရင် ဒါကို စိစစ်ပြီး ရွေးကောက်ပွဲ လိုက်မယ့် သတင်းထောက် အသိအမှတ်ပြု ကတ်ပြားတွေ ထုတ်ပေးရေးကိစ္စ မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီလိုမျိုးကို တာဝန် လွဲှပေးသင့်ပါတယ်။ ကောင်စီကနေ သတင်းထောက် စိစစ်တာ၊ တူညီတဲ့ သက်သေခံအထောက်အထား ကတ်ပြား ထုတ်ပေးတာမျိုးကို ဆောင်ရွက်တာက ပို သဘာဝကျ ပိုပြီးတော့ သင့်တော်ပါတယ်။ ဒီအတွက် ကောင်စီကို MJA, MJU, MJN လို အဖွဲ့ အစည်းတွေကနေ ပူးပေါင်းဆောင်ရွက် ရင်ဖြစ်နိုင်ပါ တယ်။

နောက်တစ်ခုက သတင်းထောက်တွေ ဘယ်လို စည်းကမ်းလိုက်နာရမလဲဆိုတဲ့ ကိစ္စ တည်ဆဲ ဥပဒေတွေ ရှိနေပါပြီ။ နောက်ထပ် ရွေးကောက်ပွဲမှာ သတင်းဘယ်လိုယူရမလဲ ဆိုပြီး ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေ၊ ကျင့်ဝတ်တွေ ရှိနေပါပြီ။ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဥပဒေနဲ့ နည်းဥပဒေတွေမှာလည်း မဲရုံကနေ ဘယ်လောက်အကွာမှာ နေရမယ်စသဖြင့် အတိ အလင်းဖော်ပြထား ပြီဖြစ် လို့နောက်ထပ် ကိုယ့်ဖာသာကိုယ် စည်းကမ်းချက်တွေ ထပ်ပြီး ထုတ်ပြန်၊ လက်မှတ်ထိုးခိုင်းဖို့ မလိုတော့ပါဘူး။ လိုအပ်မယ်ဆိုရင် စာနယ်ဇင်းကောင်စီလိုမျိုးနဲ့ တွေ့ဆုံ ညှိနှိုင်းပြီးမှသာ ထုတ်ပြန်သင့်တယ်လို့ ထင်ပါတယ်။

အားလုံးကို ချုပ်လိုက်ရင် ရွေးကောက်ပွဲမှာ သတင်းဌာနတွေ လွတ်လွတ်လပ်လပ် သတင်း ရယူဖို့ လိုပါတယ်။ တစ်ပြိုင်နက်တည်း သတင်းရယူမှု ကိစ္စတွေကြောင့် ရွေးကောက်ပွဲရဲ့ တရား မျှတ လွတ်လပ်မှု ကို အနှောင့်အယှက် မဖြစ်ဖို့လည်း လိုပါတယ်။ ဒီတာဝန်ကို ထမ်းဆောင်ဖို့ တာဝန်ရှိတာဟာ စာနယ်ဇင်းဆိုင်ရာ အဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်မှာ သတင်း မီဒီယာတွေကို စည်းကမ်းထုတ်ဖို့၊ ထိန်းချုပ်ဖို့ ဘာတာဝန်မှ မရှိဘူးလို့ ထင်မြင်ယူဆပါ ကြောင်း။

ကျန်းမာပျော်ရွှင်ပါစေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags