ထောက်ကြန့်တွင် မီနီဘတ်စ်နှင့် ဟိုင်းလပ်ကား ယာဉ်တိုက်မှု သေဆုံးသူ ၆ ဦးထိရှိလာ

ထောက်ကြန့်တွင် မီနီဘတ်စ်နှင့် ဟိုင်းလပ်ကား ယာဉ်တိုက်မှု သေဆုံးသူ ၆ ဦးထိရှိလာ
ဓာတ်ပုံ - ကိုလတ်ကြီး၊ကျော်မင်း

ရန်ကုန်၊ ဧပြီလ ၁ဝ ။                               ။ ရန်ကုန်တိုင်းဒေသကြီး၊ ထောက်ကြန့်မြို့နယ်၊ မြို့ရှောင်လမ်းထိပ်တွင် မီနီဘတ်စ်နှင့် ဟိုင်းလပ်ကား ယာဉ်တိုက်မှုမှ သေဆုံးသူ ၆ ဦးထိရှိလာကြောင်း ထောက်ကြန့်မြို့နယ်မီးသတ်တပ်ဖွဲ့မှ တပ်ကြပ်ကြီး အောင်ဇော်စိုးက မဇ္စျိမသို့ အတည်ပြုပြောသည်။

ယင်းယာဉ်တိုက်မှုမှာ ယနေ့ မတ်လ ၁ဝ ရက်၊ နံနက် ရ နာရီ၊ ၄ဝ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကနဦးတွင် ၈ နှစ်အရွယ်မိန်းကလေးအပါအဝင် ၅ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်။

“ အင်းစိန်ဆေးရုံကို ပို့ထားတဲ့ လူနာ ၁၇ ဦးထဲက ယောင်္ကျားလေးတစ်ယောက် ထပ်ဆုံးသွားတယ်။ အခုလက်ရှိ တော့ သေဆုံးသူ ယောင်္ကျားလေး ၅ ယောက်၊ မိန်းကလေး ၁ ယောက်ပေါ့။ စုစုပေါင်း ၆ ယောက်ထိရှိသွားပြီ။ ကျွန်တော်ဆေးရုံကို PR နံပါတ်တောင်းတဲ့အခါကျတော့ တစ်ယောက်တိုးတဲ့အတွက် PR တစ်ခုထပ်တိုးလာ တာပါ။ နေ့လည် ၂ နာရီလောက်က ပြောတာပါ”ဟု မီးသတ်တပ်ကြပ်ကြီး အောင်ဇော်စိုးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ ထောက်ကြန့်မှ ပဲခူးသို့ သွားမည့် ပဲခူးဟိုင်းလပ်ယာဉ်မှာ မောင်းနှင်လာစဉ် ထောက်ကြန့်မြို့ ရှောင်လမ်းထိပ် အရောက် တိုက်ရော့ပြုတ်ထွက်ခဲ့ပြီး တစ်ဖက်ယာဉ်ကြောမှ လာသည့် ပဲခူး၊ ညောင်လေးပင် မီနီဘတ်စ်ယာဉ်နှင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ထိုသို့  တိုက်မိသဖြင့် ယာဉ်တိမ်းမှောက်သွားခဲ့ကာ ဟိုင်းလပ်ယာဉ်ပေါ်ပါရှိသည့် အမျိုးသား ၄ ဦးမှာ အခင်းဖြစ် ပွားနေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ပြီး မီနီဘတ်စ်ပေါ်လိုက်ပါခဲ့သည့် အသက် ၈ နှစ်အရွယ် မိန်းကလေးမှာ အင်းစိန် ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly