ကျပ်သိန်း ၁ဝဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ တနိုင်းတွင် ဖမ်းမိ

ကျပ်သိန်း ၁ဝဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ တနိုင်းတွင် ဖမ်းမိ
ဓာတ်ပုံ - ပြည်ထဲရေး

 

ရန်ကုန်၊ ဧပြီလ ၁ဝ ။                ။ ကချင်ပြည်နယ်၊ တနိုင်းမြို့၊ နန်ဖြူတံတားတွင် မောင်းနှင်လာသော ဆိုင်ကယ်ပေါ်မှ ကျပ် သိန်း ၁ဝဝဝ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း   ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၁ဝ ရက်တွင် သတင်းထုတ်ပြန်သည်။

တနိုင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က တနိုင်းမြို့၊ နန်ဖြူတံတားတွင် လုံခြံုရေးဆောင် ရွက်နေစဉ် အသက် ၄၃ နှစ်အရွယ် ဒုန်ကမ်ဆိုသူ မောင်းနှင်လာသည့်  ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရာမှ အဆိုပါ ဘိန်းဖြူများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းဆိုင်ကယ်ပေါ်မှ စက္ကူကတ်ထူပုံးအတွင်း ထည့်ထားသည့်  ကျပ်သိန်း ၁ဝ၈၉ တန်ဖိုးရှိ ဘိန်းဖြူဆပ်ပြာခွက် ၉၉ ခွက် (အလေးချိန် ၁ ဒသမ ဝ၈၉ ကီလို) ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

သတင်းကွင်းဆက်အရ  နန်ဖြူတံတားသို့ ဆိုင်ကယ်ဖြင့် ရောက်ရှိလာသူ တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်နေ ဘိန်းဖြူ ပိုင်ရှင်ဟုဆိုသူ မနန်းဝေစိန်ကို ပူးပေါင်းအဖွဲ့က ထပ်မံစစ်ဆေးခဲ့ရာ ၎င်းထံမှ ငွေကျပ် ၁ဝဝဝဝ ကျော် အား သိမ်းဆည်းရရှိကြောင်း သိရသည်။

လက်ရှိတွင် ဘိန်းဖြူများနှင့်အတူ ဖမ်းမိခဲ့သည့် ဒုန်ကမ်နှင့် မနန်းဝေစိန်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ တနိုင်းမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ ကာမိုင်းမြို့၊ ခွန်ဆိုင်ဇွပ်ကျေးရွာနေ အသက် ၅၉ နှစ်အရွယ် မခွန်ဘူဆိုသူ နေအိမ်အတွင်းရှိ စပါးအိတ်များကြားတွင် ဝှက်ထားသည့် လက်ဆွဲအိတ်အတွင်းမှ ဘိန်းဖြူခွက် ၉ ခွက်(ဘိန်းဖြူအလေးချိန် ၉၉ ဒသမ ၆ ဂရမ်) ကို ကာမိုင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့မှ သိမ်းဆည်းရမိခဲ့သည်။

လက်ရှိတွင် ဘိန်းဖြူများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မခွန်ဘူဆိုသူ အမျိုးသမီးကိုလည်း ကာမိုင်းနယ်မြေရဲ စခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly