စာသင်ကျောင်းများတွင် ငလျင်ဘေး ပညာပေးရေး ဆွေးနွေး

စာသင်ကျောင်းများတွင် ငလျင်ဘေး ပညာပေးရေး ဆွေးနွေး

 

ဧပြီ ၁၀ ။              ။ စာသင်ကျောင်းများတွင် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းဆိုင်ရာ အလုပ်ရုံးဆွေးနွေးပွဲကို ဧပြီလ ၁၀ ရက်၊နံနက်ပိုင်းက မန္တလေးမြို့၊ Sakura Princess Hotel တွင်ပြုလုပ်ခဲ့သည်။

စစ်ကိုင်းငလျင်ပြတ်ရွေ့ကြောတစ်လျှောက်မှ တိုင်းဒေသကြီးနှင့်ပြည်နယ် ၆ ခုရှိ စာသင်ကျောင်းများကို ငလျင်ဘေးအန္တရာယ်အသိပညာပေးမှုများလုပ်ဆောင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲကို ဧပြီလ ၁၀ ရက်၊နံနက်ပိုင်းက Sakura Princess Hotel တွင်ပြုလုပ်ခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ခရိုင် ပညာရေးမှူးများ၊ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အုပ်ချုပ်သူများ၊အရပ်ဘက်လူမှုအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည်။

"ကျွန်မတို့ဒီစီမံကိန်းကတော့ စစ်ကိုင်းပြတ်ရွှေ့ကြောတစ်လျှောက်မှာရှိတဲ့ တိုင်းနဲ့ပြည်နယ် ၆ခု ငလျင်ဖြစ်နိုင်ခြေရှိတဲ့ တိုင်းနဲ့ပြည်နယ် ၆ ကိုရွေးချယ်ထားပါတယ်။

အဲဒါတွေကတော့ ရန်ကုန်၊မန္တလေး၊စစ်ကိုင်း၊ပဲခူး၊ကချင်ပြည်နယ်နဲ့ချင်းပြည်နဲ့တို့ဖြစ်ပါတယ်။အခုဟာကတော့ မန္တလေးပေါ့။

တိုင်းနဲ့ပြည်နယ် ၆ ခုက အနည်းဆုံးကျောင်း ၅၀၀ကိုရွေးချယ်ပါတယ်။မန္တလေးမှာတော့ ကျောင်း ၁၀၀ ရွေးချယ်မှာဖြစ်ပါတယ်။ဒီစီမံကိန်းကို ဥရောပသမဂ္ဂကနေ ထောက်ပ့ံပေးတာပါ။အပိုင်းသုံးပိုင်းရှိပါတယ်။တစ်ပိုင်းကတော့ ကြိုတင်ပြင်ဆင်ရေးနဲ့တုန့်ပြန်ရေးအတွက် ပိုမိုအားကောင်းလာဖို့အတွက်၊နေရှင်နယ်ပလန်တွေရေးဆွဲနိုင်ဖို့အတွက် ရှိပါတယ်။ဒုတိယပိုင်းကတော့ ပညာပေးမှုတွေနဲ့ပတ်သက်ပြီးတော့ ကျောင်းတွေကနေ ငလျင်အသိပညာပေးတွေလုပ်ဆောင်ဖို့အတွက်ဖြစ်ပါတယ်"ဟု UNDPမှ စီမံကိန်းမန်နေဂျာကပြောသည်။

မန္တလေးတိုင်းဒေသကြီး၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ညွှန်ကြားရေးမှူး ဦးအေးမင်းသူက"စာသင်ကျောင်းတွေမှာရှိတဲ့ ကလေးသူငယ်တွေအတွက် သူတို့အတွက် ငလျင်အန္တရာယ်ကြံုတွေ့လာတဲ့အခါ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာသိအောင် အသိပညာပေးလုပ်ငန်းတွေကို အဓိကထားလုပ်တဲ့ စီမံကိန်းဖြစ်ပါတယ်။

ဒီစီမံကိန်းမှာဆိုလို့ရှိရင် ကျွန်တော်တို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပညာရေးဝန်ကြီးဌာန၊ပြီးလို့ရှိရင် UNDPရယ်ပူးပေါင်းပြီး လုပ်ဆောင်ခြင်းဖြစ်ပါတယ်။

အခုကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးဟာဆိုလို့ရှိရင် ငလျင်အန္တရာယ်နဲ့ပတ်သက်လို့ရှိရင် ပညာရှင်တွေရဲ့ခန့်မှန်းချက်အရဆိုရင် စိုးရိမ်ရတဲ့အနေအထားတစ်ခုမှာရှိနေပါတယ်။အဲဒီတော့ ကျွန်တော်တို့ စိုးရိမ်ရတဲ့အနေအထားမှာ တကယ်ဖြစ်လာမယ်လို့ဆိုလို့ရှိရင် ထိခိုက်ပျက်စီးမှုပေါ့နော်။ထိခိုက်လွယ်တဲ့အနေအထားက အများပြည်သူသွားလာလှုပ်ရှားတဲ့နေရာတွေရယ်။ပြီးလို့ရှိရင် ကျွန်တော်တို့ ကလေးအများစုနေတဲ့ကျောင်းတွေ ဥပမာ နေခင်းဘက်မှာပါ ငလျင်ဘေးဒဏ်ကြံုတွေ့ခဲ့ရမယ်ဆိုရင် ကလေးပေါင်းသိန်းနဲ့ချီပြီးရှိတဲ့ကလေးတွေဟာ စာသင်ကျောင်းတွေမှာ ရှိနေပါတယ်။

အဲဒီတော့ သူတို့ဘယ်လိုတုန့်ပြန်မလဲဆိုတာ အရေးကြီးအစိတ်အပိုင်းတစ်ခုဖြစ်လာတယ်။တကယ်လို့ အဲလိုဖြစ်လို့ရှိရင် ငလျင်နဲ့ပတ်သက်ပြီး အသိဉာဏ်မရှိဘူးဆိုရင် ဆုံးရှုံးမှုက ထင်တာထက်ကို ဆိုးသွားမယ့် အနေထားမှာရှိပါတယ်။

ကလေးတွေကို စပြီးတော့ ငလျင်အန္တရာယ်ကြံုတွေ့လာတဲ့အခါမှာ မိမိစာသင်ခန်းထဲကနေ ဘယ်လိုတုန့်ပြန်ကြမလဲ။ဘယ်လိုရှင်သန်အောင်လုပ်ကြမလဲ။စာသင်ကျောင်းထဲကနေ ဘယ်လိုထွက်ကြမလဲ။ပြင်ပကို ထွက်ပြေးလို့ရှိရင် အန္တရာယ်နဲ့ပတ်သက်ပြီး ဘေးကင်းတဲ့ လုံခြံုတဲ့ နေရာတစ်ခုကို ဘယ်လိုသွားမလဲဆိုတာရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

နောက်တစ်ခုက ကလေးငယ်တွေဆိုတာက သူတို့ကမှတဆင့် သူတို့မိဘတွေဆီကို ဆင့်ပွားရောက်ရှှိမှာဖြစ်ပါတယ်။ပြီးတဲ့အခါ မိဘတွေကတဆင့် အခြားနီးစပ် နီးစပ်ရာမျှဝေခြင်းအားဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပြည်သူများကိုပေါ့ ငလျင်နဲ့ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာတဲ့ အချိန်ကျလို့ရှိရင် အကောင်းဆုံး တုန့်ပြန်ရင်ဆိုပြီးတော့ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်သွားအောင် ရည်ရွယ်ပြီး ဆောင်ရွက်နေခြင်းဖြစ်ပါတယ်"ဟုပြောသည်။

ယခုကျင်းပနေသည့် အလုပ်ရုံဆွေးနွေးပွဲပြီးပါက မန္တလေးတိုင်းဒေသကြီးအတွင်းမှာရှိသည့် ကျောင်းပေါင်း ၁၀၀ကျော်ကိုရွေးချယ်ပြီး အသိပညာပေးမှုတွေ လုပ်ဆောင်သွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required