လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုဖြင့် အဖမ်းခံရသည့် တရုတ်မင်းသား Gao Yunxiang အာမခံငြင်းဆန်ခံရ

လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုဖြင့် အဖမ်းခံရသည့် တရုတ်မင်းသား Gao Yunxiang အာမခံငြင်းဆန်ခံရ

ရုပ်သံဇာတ်လမ်းတွဲများစွာ၌ ပါ၀င်သရုပ်ဆောင်ခဲ့သည့် နာမည်ကြီးတရုတ်မင်းသား Gao Yunxiang သည် ဆစ်ဒနီ၌ အမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး သူ့အား အာမခံနှင့် ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုအား သြစတြေးလျတရားရုံးက အင်္ဂါနေ့မနက်ပိုင်းတွင် ငြင်းဆန်ပယ်ချခဲ့သည်။

အသက် ၃၅ နှစ်အရွယ် Gao နှင့် အမျိုးသားတစ်ဦးတို့သည် အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ထိပါးနှောင့်ယှက်ခဲ့သည်ဟု တိုင်ကြားခံခဲ့ရသည့်အတွက် ပြီးခဲ့သောမတ်လ ၂၆ ရက်နေ့က ဆစ်ဒနီ၌ အဖမ်းခံခဲ့ ရသည်။ Gao နှင့် အမျိုးသားတစ်ဦးတို့သည် ထိုအမျိုးသမီးကို ရှန်ဂရီလာဟော်တယ်၌ လိင်ပိုင်ဆိုင်ရာထိပါးခဲ့ သည်ဟု စွပ်စွဲခံခဲ့ရခြင်းဖြစ်သည်။

အမျိုးသမီးသည် ထိုဖြစ်စဉ်ပြီးနောက် မကြာမီတွင် ရဲတပ်ဖွဲ့အားတိုင်ကြားခဲ့ပြီး သူမ၏ခြေထောက်များ၌လည်း ပွန်းပဲ့ဒဏ်ရာများကို တွေ့ရှိခဲ့ရသည်ဟု တရားရုံးက မှတ်ချက်ချခဲ့သည်။ Gao ကမူ သူသည်အပြစ်ကင်းကြောင်း နှင့် အာမခံနှင့်ပြန်လွှတ်ပေးဖို့ တရားရုံး၌ လျှောက်လဲခဲ့သော်လည်း ဆစ်ဒနီဗဟိုဒေသတွင်းတရားရုံးက Gao နှင့် အပေါင်းအပါအမျိုးသားတစ်ဦးတို့ကို အမှုစစ်ဆေးနေစဉ်အတောအတွင်း ထောင်တွင်း၌သာနေထိုင်ကြဖို့ အမိန့် ချမှတ်ခဲ့သည်။

ဟောင်ကောင်မှ Apple Daily သတင်းစာ၏အဆိုအရ အစွပ်စွဲခံထားရသော အမျိုးသားများထဲမှတစ်ဦးမှာ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးနှင့် လိင်ဆက်ဆံခဲ့သည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

Gao သည် Drug War ဆိုသောရုပ်ရှင်နှင့် The Legend of Mi Yue ဆိုသော ရုပ်သံဇာတ်လမ်းတွဲတို့အပါအဝင် နာမည်ကြီးရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများစွာဖြင့် လူသိများသူတစ်ဦးဖြစ်သည်။ သူသည် မင်းသမီး Dong Xuan နှင့် လက်ထပ်ထားသူဖြစ်ပြီး အသက် ၁ နှစ်အရွယ်ရှိ သမီးလေးတစ်ဦးကို ပိုင်ဆိုင်ထားသည်။

ဆစ်ဒနီတရားရုံး၏ တရားခွင်သို့ သူ၏ဇနီးဖြစ်သူ Dong Xuan လည်း လာရောက်ခဲ့ကြောင်း သိရသည်။

Ref: Variety

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required