ပထမအကျော့တွင်နိုင်ထားသော်လည်း ဘာလီကို ခက်ခက်ခဲခဲကစားရမည်ဟု ရန်ကုန်နည်းပြဦးမျိုးမင်းထွန်းဆို

ပထမအကျော့တွင်နိုင်ထားသော်လည်း ဘာလီကို ခက်ခက်ခဲခဲကစားရမည်ဟု ရန်ကုန်နည်းပြဦးမျိုးမင်းထွန်းဆို
Photo; MFF

AFC Cup အုပ်စု ပထမအကျော့တွင် အင်ဒိုနီးရှားကလပ် ဘာလီယူနိုက်တက်အသင်းကို ၃-၁ ဂိုးဖြင့်အနိုင်ရထားသော်လည်း ဒုတိယအကျော့တွင်မူ ဘာလီအသင်း၌ အဓိက ကစားသမားအစုံအလင် ပါဝင်လာမည်ဖြစ်၍ ခက်ခက်ခဲခဲကစားရနိုင်ကြောင်း ရန်ကုန်ယူနိုက်တက်အသင်းနည်းပြ ဦးမျိုးမင်းထွန်းကပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် အုပ်စု G တွင် ရမှတ် ၉ မှတ်ဖြင့်ဦးဆောင်နေပြီး ဘာလီယူနိုက်တက်မှာ ရမှတ် ၅ မှတ်ဖြင့် ဒုတိယနေရာ၌ ရပ်တည်နေသည်။

ရန်ကုန်အသင်းအနေဖြင့် သရေတစ်မှတ်ရရုံဖြင့် နောက်တစ်ဆင့်သို့တက်ရောက်နိုင်မည်ဖြစ်သော်လည်း အနိုင်ရအောင်ကစား မည်ဟုလည်း ဦးမျိုးမင်းထွန်းက ဆိုသည်။

“ပထမအကျော့မှာ ၃-၁ ဂိုးနဲ့ အနိုင်ရရှိထားတာ မှန်ပါတယ်။ သို့သော်လည်း ဒီပွဲစဉ်မှာ ဘာလီအသင်းက သူတို့အသင်းရဲ့ အမာခံကစားသမား အကုန်နီးပါး ပြန်ပါမယ်လို့ သိထားပါတယ်။

ဘာလီအသင်းက ဒီအုပ်စုမှာ အကောင်းဆုံးအသင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အသင်း ခက်ခက်ခဲခဲ ကစားရမှာပါ။

နောက်တစ်ခုက ဒီပွဲစဉ်မှာ ရန်ကုန်အသင်းက သရေတစ်မှတ် ရရှိတာနဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မှာပါ။ ဒါပေမယ့် သရေရလဒ်အတွက် ဦးတည်ကစားမှာ မဟုတ်ပါဘူး။ အနိုင်သုံးမှတ်အတွက်ပဲ အားထည့် ကစားသွားမှာဖြစ်ပါတယ်။

တစ်ခုရှိတာက အသင်းမှာ လတ်တလော ဒဏ်ရာရ ကစားသမား ၆ ဦးလောက်ရှိနေပါတယ်။ ဒီအချက်ကတော့ အသင်းကို အနည်းငယ် အခက်အခဲတွေ့နိုင်ပါတယ်" ဟု ရန်ကုန်နည်းပြ ဦးမျိုးမင်းထွန်းက ပြောသည်။

ရန်ကုန်အသင်းမှာ တောင့်တင်းသည့်အသင်းတစ်သင်းဖြစ်သော်လည်း ဘာလီအသင်းအနေဖြင့် နိုင်ပွဲရယူရန်ပြင်ဆင်လာခဲ့ ကြောင်းနှင့် အင်ဒိုနီးရှားပရိသတ် ၅၀ ဝန်းကျင်ခန့် လာရောက်အားပေးမည်ဟုသိထားကြောင်း ဘာလီနည်းပြ ဝီဒိုဒို ပူထရာက ပြောသည်။

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဘာလီယူနိုက်တက်အသင်းတို့သည် ဧပြီ ၁၁ ညနေ ၃း၃၀ နာရီတွင် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags