ရခိုင်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးအား စွပ်စွဲပြစ်တင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

ရခိုင်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးအား စွပ်စွဲပြစ်တင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

 

ရန်ကုန် ၊ ဧပြီ ၁၀ ။                          ။ ရခိုင်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ တိုင်ကြားလာခြင်းကြောင့် စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ဖွဲ့အား ရခိုင်ပြည်နယ်လွှတ်တော်က ယမန်နေ့ ဧပြီလ ၉ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်း လိုက်သည်။

ဦးကျော်အေးသိန်းသည် တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်ခြင်း နှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေများအား ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ရာထူးမှ ရပ်စဲပေးရန် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၁၂ ဦးမှ မတ်လ ၁၄ရက်နေ့တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

မဟာသင်္ကြန်ကာလအပြီးမှသာ စုံစမ်းစစ်ဆေးမှု စတင်နိုင်မည်ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပါ၀င်သည့် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင် က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

ရခိုင်ပြည်နယ်စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းအား တိုင်ကြားသည့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးသည် ပါတီတစ်ခုတည်းက လွှတ်တော်ကိုယ်စားလှယ်များမဟုတ်ဘဲ ရခိုင်အမျိုးသားပါတီ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၊ ပြည်ခိုင်ဖြိုးပါတီ သုံးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များက စုပေါင်းတိုင်ကြားခြင်းဖြစ်သည်ဟု ဦးဦးသန်းနိုင် က ပြောသည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များကို မေလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ပြည်နယ် လွှတ်တော်ဥက္ကဌ ထံ တင်သွင်းရမည်ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တွေ့ရှိချက်များကို လွှတ်တော်သို့တင်ပြသည့်အချိန်တွင် ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံမှ တာဝန်ဆက်လက်ထမ်းဆောင်ဖို့ မသင့်ဟု ဆုံးဖြတ်ပါက လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံ အစီရင်ခံရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတမှ ဝန်ကြီးအား ရာထူးမှ ရပ်စဲရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းပိုင်းကလည်း ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးအား တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ခြင်း မရှိဟု လွှတ်တော်မှ စွပ်စွဲပြစ်တင်ခဲ့သောကြောင့် စည်ပင်သာယာရေးဝန်ကြီးအား နိုင်ငံတော်သမ္မတမှ လက်မှတ်ရေးထိုးပြီး တာဝန်မှ ရပ်စဲခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly