တောင်ယမားချောင်းကမ်း ကြက်သွန်ပေါ်ချိန်တွင် အစိုတစ်ပိဿာ ကျပ်ငါးရာနှုန်း ပေါက်ဈေးရှိ

.

မြိုင်၊ဧပြီ ၉ ။              ။  မကွေးတိုင်း မြိုင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း ပုလဲမြို့နယ်စပ် တောင်ယမားချောင်းကမ်းတွင် ကြက်သွန်နီသစ်များ ပေါ်နေပြီး အစိုတစ်ပိဿာကို ယခင်နှစ်ပေါက်ဈေးထက် ကျပ်တစ်ရာခန့် လျော့နည်းနေကြောင်း ဒေသခံတောင်သူများက ပြောသည်။

“ အရင်နှစ်ကဒီလိုပေါ်ချိန်မှာ တစ်ပိဿာ ခြောက်ရာ ? ခြောက်ရာ့ငါးဆယ်နှုန်းရောင်းရတယ်။ ဒီနှစ်က စိုက်တဲ့သူလည်း များတယ်။ အဝယ်ကလည်း အရင်နှစ်ကလောက်မလာကြသေးတော့ နည်းနည်း လျော့တာပေါ့။ အခုတော့ တစ်ပိဿာ ကျပ်ငါးရာ ငါးရာ့ဆယ့်ငါးကျပ်ဈေးပဲရှိသေးတယ်” ဟု မြိုင်မြို့နယ် ကျောက်တောင်ရွာမှ ကြက်သွန်စိုက်တောင်သူ ကိုဇော်နိုင်က ပြောသည်။

တောင်ယမားချောင်းကမ်းကျေးရွာများသို့ ပခုက္ကူ မြင်းခြံ ဆိတ်ဖြူ မြို့များမှ ကြက်သွန်ပွဲစားများ လာရောက်၍ ဝယ်ယူကြကြောင်းသိရသည်။

ယခင်နှစ်မှာ ယခုနှစ်ထက်လာရောက်ဝယ်ယူသူများသောကြောင့် တစ်နေ့ တစ်ဈေးတက်ပြီးရောင်းရကြောင်း စစ်ကိုင်းတိုင်း ပုလဲမြို့နယ် မင်းရွာမှ ကြက်သွန်စိုက်တောင်သူ ကိုတင်ကိုဝင်းကပြောသည်။

“ သင်္ကြန်ပြီး မူဆယ် မြဝတီလမ်းကြောင်းက ကားတွေဝင်လာရင်တော့ အရောင်းအဝယ် သွက်လာဖို့ ရှိပါတယ်။ အခုက ရန်ကုန်တစ်ခုပဲ အားထားနေရတော့ ဈေးကွက်က အနည်းငယ် အေးတဲ့သဘာပေါ့။ ကြက်သွန်ဈေး ကတော့ လက်ရှိဈေးငါးရာအောက်လျော့ဖို့မရှိလောက်ပါဘူး” ဟု ပခုက္ကူ စိန်ရတနာပွဲရုံမှ ဦးကျော်သန်းက ပြောသည်။

ယခုအချိန်သည် သင်္ကြန်နီးပြီဖြစ်သောကြောင့် ကားထွက်ရှိမှုနည်း၍ အရောင်းအဝယ်အနည်းငယ် အေးနေခြင်း ကြောင့် ဈေးအလှုပ်အခတ်လည်း နည်းခြင်းဖြစ်ကြောင်း ဦးကျော်သန်းက ဆိုသည်။

ဧပြီလ ၆ ရက် ပခုက္ကူ ကုန်စည်ဒိုင်ပေါက်ဈေးများအရ ကြက်သွန်နီသစ် တစ်ပိဿာ ဂျွန်လတ် ၆၀၀/၆၅၀ ဂျွန်လတ် တစ်ပိသာ ၅၀၀/၅၅၀ ကျပ် ရှိကြောင်းသိရသည်။

ကြက်သွန်နီမှာ တစ်ဧက စိုက်ပျိုးစရိတ် ရှစ်သိန်းမှ ဆယ်သိန်းကျော်လောက်ကုန်ကျပြီး အထွက်နှုန်းပေါ် မူတည်၍ တစ်ဧက ပိသာ (၅၀၀၀)မှ (၈၀၀၀)ခန့်ထိ ထွက်ရှိကာ တောင်ယမားချောင်းကမ်း ကျေးရွာများ ဖြစ်သော ပန်းရွာ၊ မင်းရွာ၊ မွေ့တုံ ၊ ကျောက်တောင် ၊ ကျောင်းရပ် ၊ ကျောက်ကန် ၊ ရွှေလောင်း ၊ ကင်းကဲ၊ ဘန့်ဘိုး၊ သပြေပင်၊ ဇီးပဏီ အစရှိသောကျေးရွာများတွင် ယခင်နှစ်ထက် ကြက်သွန်နီပိုမိုစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ကြက်သွန်နီကို နတ်တော်-ပြာသိုလများတွင် စိုက်ပျိုးပြီး ရက် (၁၀၀)ခန့် အကြာတွင် နုတ်သိမ်းရကြောင်း သိရသည်။