ရခိုင်တွင် ဆင်ပစ်မုဆိုးတစ်ဦးနှင့် လူ ၃ ဦး ဖမ်းမိ၊ လွတ်မြောက်နေသူ ၃ ဦးအား ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေ

ရခိုင်တွင် ဆင်ပစ်မုဆိုးတစ်ဦးနှင့် လူ ၃ ဦး ဖမ်းမိ၊ လွတ်မြောက်နေသူ ၃ ဦးအား ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေ
ဧပြီ ၃ ရက် နံနက် ၁ဝ နာရီ ခွဲက တိုက်ကြီးမြို့နယ် ချင်းကုန်းအုပ်စု ဂျိုးဖြူရေလှောင်ကန် မြောက်ဖျား၌ အရေခွံခွာ၊ နှာမောင်းဖြတ် ထားသော ပုပ်ရိနေသော ဆင်သေတစ် ကောင်ကို  တွေ့ရစဉ်။ ဓာတ်ပုံ- သစ်တောဌာန

ရန်ကုန် ၊ ဧပြီ ၉ ။             ။ ရခိုင်ရိုးမဘေးမဲ့တောအတွင်းရှိ တောဆင်ရိုင်းတစ်ကောင်အား သတ်ဖြတ်ခဲ့သည့် ဆင်ပစ်မုဆိုးတစ်ဦးနှင့် ပါ၀င်ပတ်သက်သူ ၃ ဦးအား သစ်တောဦးစီးဌာနလက်အောက်ရှိ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ ဖမ်းဆီးရမိခဲ့ပြီး လွတ်မြောက်နေသူ ၃ ဦးအား ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေသည်ဟု  သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) ၏  ထုတ်ပြန်ချက်အရသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီနယ်မြေအတွင်းရှိ အတွင်းရှိ ရခိုင်ရိုးမ ဆင်ဘေးမဲ့တောအတွင်း၌ အခြောက်ခံထား သည့် နှာမောင်း၊ ဆင်အရေပြား ၊ အသားနှင့် ဆက်စပ် ပစ္စည်းများကို ပီနံအိတ်(၆)အိပ်၊ စုစုပေါင်းအလေးချိန် ပိဿာ ရ၀ ခန့် အား ဆင်ထိန်းသိမ်းရေးအဖွဲ့ဝင်များက ရှာဖွေ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိသည့် ဆင်သားရေနှင့် ဆင်အသားခြောက်များ၏ ပိုင်ရှင်များကို စုံးစမ်းဖော်ထုတ်နိုင်ရန် ရတနာမြိုင်ရဲကင်းဖြင့် ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ သံသယရှိသူ ဆင်ပစ်မုဆိုးက  ၄င်း၏ ပစ္စည်းများ ဖြစ်သည်ဟု ၀န်ခံခဲ့သည်။

ယင်း ဆင်ပစ်မုဆိုးသည် ဧရာဝတီတိုင်းမှ ဆင်ပစ်မုဆိုး (၃) ဦးနှင့်အတူ ရခိုင်ရိုးမ ဆင်ဘေးမဲ့တောအတွင်းရှိ ကြက်ချောင်းအနီး တောဆင်ရိုင်းတစ်ကောင်အား တူမီးသေနတ်ဖြင့် ၄င်းကိုယ်တိုင်ပစ်သတ်ခဲ့ပြီး ဆင်သားရေ နှင့် ဆက်စပ်ပစ္စည်းများကိုု ဆက်စပ်ပစ္စည်းများကိုု ကျပ်တိုက်ကာ ဆင်ပစ်သော နေရာဖြင့် ၈မိုင်ခန့် ဝေးသော ကျိန္တလီချောင်းလက်တက် ရေပူချောင်းအတွင်း ဖွက်ထားခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

တောဆင်ရိုင်းအား ပစ်ခတ်သတ်ဖြတ်ခဲ့သည့် မုဆိုးအား ကျိန္တလီရဲစခန်းတွင် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၃၇(က) အရ အရေးယူနိုင်ရန် အမူဖွင့်ထားပြီး၊ ဆင်သတ်ဖြတ်မှုတွင် ပါ၀င်ခဲ့သည့် အခြား သံသယရှိသူ (၃) အား ဖမ်းဆီးအရေးယူနိုင်ရန် ဆင်ထိန်းသိမ်းရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 မြန်မာနိုင်ငံ၌ တစ်ပတ်လျှင် ဆင်တစ်ကောင်နှုန်းအသတ်ခံနေရပြီး ၂၀၃၀ခုနှစ်ခန့်တွင် တောဆင်ရိုင်းများ မျိုးသုဉ်းသွားနိုင် သည်ဟု ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ့ (WWF) မှ ခန့်မှန်းထားသည်။

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ချင်းကုန်းအုပ်စု ဂျိုးဖြူရေလှောင်ကန် မြောက်ဖျား၌ အရေခွံခွာ၊ နှာမောင်းဖြတ် ထားသော ပုပ်ရိနေသော ဆင်သေတစ် ကောင်ကို ဧပြီ ၃ ရက် နံနက် ၁ဝ နာရီ ခွဲက တွေ့ရှိကြောင်း သစ်တောဦးစီးဌာန မှ ထုတ်ပြန်ထားသည်။

ဆင်ဆေးကု ဦးဖြိုးသူအောင်၏စစ်ဆေးချက်အရ သေဆုံးသောဆင်မှာ အမဖြစ်ပြီး အမြင့် ၈ ပေ၊ လုံးပတ် ၁၂ ပေ၊ အသက် ၄၅ နှစ်ခန့်ရှိပြီး လွန်ခဲ့သော ၁၅ ရက်ခန့်က သေဆုံးနေကြောင်း ခန့်မှန်းရပြီး ၄င်းဆင်သည် အရေခွံခွာထားခြင်း၊ အစွယ်ဖြတ်ထားခြင်းများ ခံထားရသည်။

အရေခွံခွာ အစွယ်ဖြတ်ခံထားရသည့် ဆင်သေတစ်ကောင်အား ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်း-မင်းလှ-စိန်ကန့်လန့်လမ်း၊ မိုင်တိုင်အမှတ်(၆၀/၃) အနီးတွင် ဖေဖော်ဝါရီလ ၁၄ ရက်က တွေ့ရှိခဲ့ သည်။

၂၀၁၇ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက်ပိုင်းကလည်း ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ မရမ်းချောင်း ကျေးရွာအုပ်စု၊ ကျောက်ချောရွာအနီးတွင် အရေပြား ဆုတ်ခွာခံထားရသော ဆင်သေတစ်ကောင်ကို တွေ့ရှိခဲ့ရသည်။

ယခုနှစ်အတွင်း မြန်မာ့တောဆင်ရိုင်း အနည်းဆုံး အကောင်ရေ ၃ဝ ထိအသတ်ခံခဲ့ရကြောင်း နိုင်ငံတကာ တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးအဖွဲ့ (FFI)က ၂၀၁၇ခုနှစ်က မဇ္စျိမကို ဖြေကြားခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required