သေဒဏ်နှင့် နိုင်ငံတော်သမ္မတ

.

နှစ်သစ်လည်းကူးတော့မယ် ၊ သမ္မတအသစ်ကလည်း လတ်လတ်ဆတ်ဆတ်ကြီး ဖြစ်နေတယ် . . .  ဆိုတော့ .  ပြည်သူတွေကလည်း စားဝတ်နေရေးလေး အရင်ကထက် အဆင်ပြေပါ့မလား ပေါ့. . စောင့်ကြည့်အုံးမယ် ။ စီးပွားရေးသမားတွေကလည်း ဘာများဖြေလျော့ပေးအုံးမလဲ ဘာများအဆင်ပြေအောင်လုပ်ပေးမှာလဲ ပေါ့ . .စောင့်ကြည့်အုံးမှ . . ။ အစိုးရဌာနဆိုင်ရာတွေကလည်း လစာများတိုးမလား . . ဘာများထူးလာမလည်း ပေါ့ . .စောင့်ကြည့်ရမှာပေါ့လေ ။ နောက် တစ်ချို့ဆိုရင် ဘေးကရတဲ့ပိုက်ဆံတွေ အကြောင်းသိသွားရင် . . ဒုက္ခများရောက်သွားမလား . . နောက် ဒါမျိုးလုပ်လို့မရတော့ရင် မိန်းမအတွက် သားသမီးတွေအတွက်တော့ ရင်လေး  . . .အင်း . . ညောင်သီးလည်းစား လေးသံလည်းနားစွင့် အုံးမှ . . ။ တရားရုံးတွေမှာ အမှုရင်ဆိုင်နေရ တဲ့သူတွေ. . တစ်ခြားဟာတွေ စိတ်မ၀င်စားနိုင်ဘဲ ခုလောလောဆယ် ရုံးတင်စစ်ဆေးနေတဲ့အမှုတွေ မြန်မြန်ကြီးကို အမိန့်ချချင်နေကြတယ်ဆိုတာကိုလည်း အောက်ပါသတင်းက ဖော်ပြနေသည် ။

“ အပေါ်တိုင်းရုံးကအသံကိုလည်း နားထောင်ပေးကြပါဦး။ တင်ထားတာက အတော်ကြာနေပြီ။ အမှုလည်း မြန်မြန်ပြီးချင်ပါပြီ” ဟု  ၅၂ ကြိမ်မြောက် ရုံးထုတ်ချိန် တရားခွင်မှအထွက်တွင် ဇေယျာဖြိုးက မီဒီယာများသို့ ပြောသည် ။ ဇေယျာဖြိုးသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သေနတ်ဖြင့် အနီးကပ်လုပ်ကြံသတ် ဖြတ်ခံခဲ့ရသည့် တရားလွှတ်တော်ရှေ့နေဦးကိုနီ၏အမှုတွင် တရားရင်ဆိုင်နေရသူဖြစ်သည် ။ အမှုရင်ဆိုင်နေကြ သူတွေ ၊ ထောင်ကျအကျဉ်းသားတွေအားလုံးဟာ ကိုယ့်နိုင်ငံမှာ သမ္မတအသစ်တက်လာတဲ့အချိန်လည်းဖြစ် လာမယ့် ရက်ပိုင်းမှာ မြန်မာနှစ်သစ်ကူးတော့မှာလည်းဖြစ်ဆိုတော့ . . .သေချာတာကတော့ . .အစဉ်အလာ လည်းဖြစ်နေတော့ နိုင်ငံတော် (ခေါ်) လွတ်ငြိမ်းချမ်းသာခွင့်ကို မျှော်ကြတော့တာပဲဖြစ်သည် ။

တစ်ချို့အကျဉ်းသားတွေက လူကို တကယ်သတ်ထားတာဖြစ်သည် ။ သတ်တာမှရက်ရက်စက်စက်ကို သတ်တာဖြစ်သည် ။ တချို့တွေက မုဒိမ်းကျင့်ပြီးလူပါသတ်သည် ၊ ရက်ရက်စက်စက်ကို လူမဆန်စွာအတင်း အဓမ္မကို မုဒိမ်းကျင့်တာ ဖြစ်သည် ၊ပြီးတော့ ပက်ပက်စက်စက်ကိုသတ်ပစ်လိုက်သည် ။ ဒီထက်ဆိုးတဲ့သက်ငယ် မုဒိမ်း ၊ ကလေးမုဒိမ်းဆို တာရှိသည် ၊ လူသားစိတ်မရှိစွာဖြင့် မုဒိမ်းကျင့်ပြီးသတ်ဖြတ်ပစ်လိုက်သည် ။ ထိုသူများ သည်လည်းထောင်ကျ နေသူရှိသကဲ့သို့ အမှုရင်ဆိုင်နေရသူတွေလည်း မြောက်များစွာရှိနေသည် ။ တခြား ခိုး ၊ ဆိုး ၊ နှိုက် ၊ လုယက် စသည့် အမှုမျိုးစုံလည်းရှိသည် ။ ထိုသူများသည်လည်း အရမ်းကိုလွတ်ချင်နေကြသည် ။ လွတ်ရက်နီးသူများက ထောင်ထဲတွင် အပြင်ရောက်ရင် ဘာလုပ်မယ် ညာလုပ်မယ် စသဖြင့် စိတ်ကူးယဉ် နေကြမည် ။ တချို့က လွတ်ငြိမ်းချမ်းသာခွင့်က ဘယ်လိုလာနိုင်သည်ဆိုတာကို ပုံဖော်ကြည့်ရင်း လွတ်နိုင် မလွတ်နိုင် တွက်ချက်နေကြ မည် ။

ကျွန်တော်တို့ ထောင်ထဲတွင်ရှိစဉ် တွေ့ကြုံခဲ့ရသော ကိုယ်တွေ့များဖြစ်သည် ။ ကျွန်တော်တို့နိုင်ငံတွင် အပြစ်ရှိသောသူများကို ဥပဒေအရ ၊ ပြစ်ဒဏ်ပေး ထောင်ချထားသူများသည် လူသားများဖြစ်သည်။ လူ့အခွင့် အရေးရှုထောင့်ကကြည့်မည်ဆိုပါက သူတို့သည် လည်း လူ့သားအခွင့်အရေးကို ခံစားသင့်သည် ။ သို့သော် . . သူတို့၏လုပ်ရပ်များကို ခွဲခြမ်းစိတ်ဖြာပြီး မကြည့်သင့်ပေဘူးလား ။ ကိုယ်တွေ့ဖြစ်သည်။ ထိုအထဲမှ တချို့သည် တိရစ္ဆာန်များလိုပင်ဖြစ်သည် ။ အစာဆာရင် တရားတာမတရားတာ ဘေးဖယ်ထား စားရဖို့သာလျင် အားစိုက် သည် ။ စားလျင် အ၀အပြဲစားသည် ။စားပြီးလျင် တိရစ္ဆာန်တစ်ကောင်လိုပင်အိပ်သည် ။ နိုးလာလျင် စားစရာရှိလျင်စားမည် ။ ဘေးဘီတွင် ကောင်လေးဖြူဖြူဖွေးဖွေးငယ်ငယ် တွေ့လျင် နှာဗူးကျမည် ၊လူလစ်လျင် မတရားကျင့်ဖို့ ကြံမည် ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မည် ။ တိရစ္ဆာန်များလိုပင် အိပ် ၊ စား ၊ ကာမ ပဲရှိသည် ။ ဤလိုလူမျိုးတကယ်ရှိပါသည် ။ ထိုသူမျိုးသည် သက်ငယ်မုဒိမ်းမှုကျူးလွန်ခဲ့သူများ ၊ မုဒိမ်းလူသတ်မှုကျူးလွန်ခဲ့ သူများ ၊ လူတစ်ယောက်ကို ရက်ရက်စက်စက် သတ်ခဲ့သူများတွင် တွေ့ရတတ်သည် ။ ထိုသူများသည် အရမ်း လွတ်ချင်သည့်အထဲတွင် ရှေ့ဆုံးကပါဝင်သည် ။ ယခင်အစိုးရများ လွတ်ငြိမ်းချမ်းသာခွင့်ပေးသောအခါ ထိုသူများလည်း ပါဝင်သွားသည် ။ ထိုသူများ အပြင် လောကကို ရောက်ရှိသွားရာ ဥပဒေများကိုချိုးဖောက်ကြ သည် ၊ ဖမ်းဆီးရသည့်သူများရှိသလို လွတ်နေသူများ လည်းရှိသည် ။  

မြန်မာနိုင်ငံ၏ တရားစီရင်ရေးသည် လိုအပ်နေသည်ဟု ထင်မြင်မိသည် ။ တရားသူကြီး၏ဆင်ခြင်တုံတရား သည်လည်း ဤနေရာတွင် အရေးပါနေသည် ၊ လူသားလုံးလုံးမဆန်သူများကို ပြစ်ဒဏ်ချမှတ်ရာတွင် တခြား ပြစ်မှုကျူးလွန်သူများကဲ့သို့ ဆောင်ရွက်စရာမလိုဟု မြင်မိသည် ။ ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် ပြစ်ဒဏ်ချမှတ်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို အထောက်အကူပေးရမည် ။အထူးသဖြင့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများကို သေဒဏ်ပေးရမည် ။ သို့မဟုတ် ဒီထက်ပြင်းထန်ထိရောက်သော ပြစ်ဒဏ် ပေးရမည် ။ သေဒဏ်ပြစ်ဒဏ်သည် မဆလ ပြုတ်ကျပြီးနောက်ပိုင်း ယနေ့အထိ နှစ်ပေါင်း ( ၃၀ ) လောက် ဆိုင်းငံ့ထားပုံ ရသည် ။ ထိုဆိုင်းငံ့မှုကြောင့်ပင် ပြစ်ဒဏ်၏ထိရောက်မှုမှာ အချီးအနှီးဖြစ်နေတာကိုတွေ့နေရသည် ။

စာရေးသူသည် ၁၉၈၉ ခုနှစ် ၊ န၀တ (စစ်အစိုးရ - တပ်မတော်အစိုးရ)ခေတ်တွင် နိုင်ငံရေးမှုဖြင့် သေဒဏ်ကျ သည် ။ ၁၉၉၃ တွင် လွတ်ငြိမ်းချမ်းသာခွင့် ၁ / ၉၃ အရ သေဒဏ်မှ အနှစ် ၂၀ သို့ ပြောင်းပေးလိုက်သည် ။ ကျွန်တော်တို့ဝမ်းမသာနိုင်ပါ ။ ကိုယ်တိုင်ပြစ်မှုမကျူးလွန်ပါဘဲနှင့် သေဒဏ်ချထားသောကြောင့်ဖြစ်သည် ။ တရားမျှတမှုအရဆိုလျင် နဂိုကတည်းက လွှတ်ပေးရမှာဖြစ်သည် ။သေဒဏ်မှ အနှစ် ၂၀ သို့ပြောင်းပေးလိုက် သည့် အထဲတွင် မုဒိမ်းလူသတ်သူများပါဝင်နေသည် ။ ရက်ရက်စက်စက်လူသတ်ထားသူများလည်း ပါဝင်နေ သည် ။ သူတို့သည် လွတ်ငြိမ်းချမ်းသာခွင့်ကြေညာပြီးနောက်ပိုင်း ခုန်ပေါက်ပျော်မြူးနေတာကို မျက်မြင်တွေ့ ခဲ့ရသည် ။ သူတို့သည် လွတ်မည့်ရက်ကို တွက်နေရင်း ၁၉၉၇ ခုနှစ်တွင် ၊လွတ်ငြိမ်းချမ်းသာခွင့် တစ်ဖန်ထပ်လာ တာနှင့် လွတ်ကုန်ကြတော့သည် ။ ကျွန်တော်တို့ နိုင်ငံရေး အကျဉ်းသားတွေ အကျုံးမ၀င်ဟု ပြည်ထဲရေးက ပြောသည် ။ နိုင်ငံရေး အကျဉ်းသားများ ထောင်ထဲတွင် ဆက်နေရသည် ။ ထို့ကြောင့် တာဝန်ရှိသူများ သုံးသပ်ပြီး တစ်ခုခုတော့ လုပ်သင့်ပြီဟု တောင်းဆိုချင်သည် ။ ပြည်သူများမှာလည်း လွတ်ငြိမ်းချမ်းသာခွင့်ကို ကြိုဆိုချင်သော်လည်းပဲ ထိုလူ့တိရစ္ဆာန်များ လွတ်လာမည်ကို မည်သူမှ နှစ်သက်မည် မဟုတ်ပေ ။

ထို့ကြောင့်ပင် ယခုအသစ်တက်လာသော သမ္မတကြီးနှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့သည် ထိရောက်သော ဥပဒေ သို့မဟုတ် ယခင်ဥပဒေကို ပြန်လည် အသက်ဝင်ဘို့ ဆောင်ရွက်စေချင်ကြောင်း ဆန္ဒပြုလိုက်ရပါသည် ။   ။

သန့်ဇော် ( သန်လျင် )