ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဒေသခံများနှင့် တွေ့ဆုံပွဲတွင် မြို့နယ်ဖွံ့ထောက်အဖွဲ့မှ တဆင့်တင်ပြရ

ဧရာဝတီတိုင်း ၀န်ကြီးချုပ် ဒေသခံများနှင့် တွေ့ဆုံပွဲတွင် မြို့နယ်ဖွံ့ထောက်အဖွဲ့မှ တဆင့်တင်ပြရ

ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့၊ ငရုပ်ကောင်းမြို့နယ်ခွဲ၌ သြဂုတ် ၂၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒေသခံများ တွေ့ဆုံခဲ့ရာ ပြည်သူများ၏ တင်ပြမှုများကို မြို့နယ် ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့မှ တဆင့်တင်ပြခဲ့ရကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။
ဒေသခံများ အနေဖြင့် ကျောက်မီးသွေး စက်ရုံ ကိစ္စကို တင်ပြလိုသော်လည်း မြို့နယ်ဖွံ့ဖြိုးရေး အထောက်အကူပြု အဖွဲ့မှ တဆင့်သာ တင်ပြခဲ့ရပြီး စာဖြင့်သာ တင်ပြခဲ့ရသည်ဟု တွေ့ဆုံပွဲ တက်ရောက်သူ ငရုပ်ကောင်း ဒေသခံ ဦးကြည်အေးက ဆိုသည်။
၎င်းက ``ဝန်ကြီးချုပ်မလာခင် မြို့ ဖွံထောက်အဖွဲ့က ပြည်သူတွေ အနေနဲ့ ကျောက်မီးသွေးစက်ရုံကိစ္စတွေ တင်ပြလို့မရဘူး။ တခြားတင်ပြစရာတွေ သူတို့ဆီ စာနဲ့ပဲတင်ပြခိုင်းတယ်။ ဘာမှ တင်ပြခွင့် မရခဲ့ဘူး´´ဟု မဇ္ဈိမကို ပြောသည်။
ဝန်ကြီးချုပ် အနေဖြင့် ရွေးကောက်ပွဲတွင် နောက်တစ်ကြိမ် ဝင်ရောက် ရွေးချယ် ခံမည် ဖြစ်ကြောင်း၊ ၎င်း၏ လက်ရှိသက်တမ်းတွင် ပညာရေး ၊ ကျန်းမာရေး ဆောင်ရွက် ပေးခဲ့သည်များကို တွေ့ဆုံပွဲတွင် ပြောသွားသည်ဟု ငရုပ်ကောင်းမြို့နယ်ခွဲ နံသာဖုကျေးရွာမှ ဒေါ်နန်းချိုပြုံးကဆိုသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ငရုပ်ကောင်း ဖွံ့ဖြိုးရေး အထောက်ကူပြုအဖွဲ့ မှ ဦးမြမောင်က ``ကျေးရွာ အုပ်စု ၁၃ အုပ်စုဖြစ်တော့ တယောက်စီတင်ပြနေရင် အချိန်ကြာမှာ စိုးလို့ပါ။ အခု ပြည်သူတွေ တင်ပြတာကို မြို့နယ်အုပ်ချုပ်ရေးမှူးဆီက တင်ပြပေးသွားမှာပါ´´ဟု မဇ္ဈိမကို ပြောသည်။

ငရုပ်ကောင်းဒေသသို့ ဝန်ကြီးချုပ်သွားရောက်ခြင်းမှာ ယခုတစ်ကြိမ်သည် တတိယအကြိမ်မြောက်ဖြစ်သည်။ ငရုပ်ကောင်းမြို့နယ်တွင် ကျောက်မီးသွေးစက်ရုံတည်ဆောက်ရန် တိုင်းအစိုးရက စီစဉ်နေပြီး ဒေသခံများက ကန့်ကွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly