ထိုင်းရောက် မြန်မာအလုပ်သမား သောင်းနဲ့ချီ သင်္ကြန်ကာလ နေရပ်ပြန်လာကြမည်

ထိုင်းရောက် မြန်မာအလုပ်သမား သောင်းနဲ့ချီ သင်္ကြန်ကာလ နေရပ်ပြန်လာကြမည်
အတာသြင်္ကန် အတက်နေ့ ဧပြီ ၁၆ရက်က ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းမပေါ် ရေပက်ခံကားများ၊ ရေကစားမဏ္ဍပ်များကို တွေ့ရစဉ်။ (ဓာတ်ပုံ-သူရ/မဇ္ဈိမ)

ဧပြီ ၉ ။            ။ ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမား သောင်းချီတို့ ယခုနှစ် သင်္ကြန်ကာလအတွက် နေရပ်ပြန်လာကြဖို့ ရှိကြောင်း သိရပါတယ်။

အဆိုပါ သင်္ကြန်အတွက် နေရပ်ပြန်လာလိုကြတဲ့ ထိုင်းရောက် မြန်မာလုပ်သားတွေအနေနဲ့ ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ မြန်မာသံရုံးတို့ကနေ ထုတ်ပြန်ထားတဲ့ သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းတွေကို လိုက်နာကြဖို့ လိုကြောင်းလည်း နိုင်ငံပိုင် မီဒီယာမှာ ဖော်ပြတဲ့ သတင်းတစ်ပုဒ်မှာ အကြံပြုတိုက်တွန်းထားပါတယ်။

ယခုနှစ်မှာတော့ မြန်မာအလုပ်သမား ဦးရေ တစ်သောင်းကျော်လောက်ဟာ နှစ်နိုင်ငံအကြား မယ်ဆိုင်-တာချီလိတ်၊ ကော့သောင်း-ရနောင်းနဲ့ ဘုရားသုံးဆူ တို့အပါအဝင် နယ်စပ် ဖြတ်ကျော် ဂိတ်တွေကနေတဆင့် မိခင်နိုင်ငံဆီ ပြန်လာကြဖွယ် ရှိနေပါတယ်။

အသိပေးထုတ်ပြန်ကြေညာချက်တွေအရ နေရပ်ပြန်မယ့် မြန်မာအလုပ်သမားများအားလုံးအနေနဲ့ ၎င်းတို့တွေရဲ့ ဗီဇာကို မဖြစ်မနေ ယူလာကြရမှာဖြစ်ပြီး၊ နယ်စပ်ဂိတ်တွေမှာလည်း သက်ဆိုင်ရာ ဥပဒေလုပ်ငန်းစဉ်တွေကို တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင်သွားရမှာဖြစ်ကြောင်း သိရပါတယ်။

နေရပ်ပြန်လာကြမယ့် အလုပ်သမားတွေအတွက် သက်မှတ်ရက်အဖြစ် ဧပြီ ၅ ရက်ကနေ ဧပြီ ၃၀ ကြားကို တာဝန်ရှိသူတွေက စီစဉ်သတ်မှတ်ပေးထားပြီး ဗီဇာလုပ်ငန်းစဉ်တွေကြောင့် ကုန်ကျရမယ့် စရိတ်စကအားလုံးကိုလည်း ယင်းသတ်မှတ်ရက်ကာလအတွင်း အခမဲ့ ဖြစ်စေမယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required