ပန်းချီပညာရှင်များကြောင့် ခရီးသွားဧည့်သည်များ၏ စိတ်ဝင်စားမှုကိုရရှိလာသည့် အိန္ဒိယမှဘူတာရုံလေး

ပန်းချီပညာရှင်များကြောင့် ခရီးသွားဧည့်သည်များ၏ စိတ်ဝင်စားမှုကိုရရှိလာသည့် အိန္ဒိယမှဘူတာရုံလေး

မက်ဒ်ဟူဘာနီ၊ အိန္ဒိယ၊ ဧပြီ ၉ ။            ။ အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ ဟိမဝန္တာတောင်တန်းကြီး၏တောင်ခြေရှိ တောင်ကြားဘူတာရုံလေးသည် အမေ့ခံ ဘူတာရုံလေးအဖြစ်သို့   ရောက်ရှိတော့မည့်အခြေအနေနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ပန်းချီပညာရှင်များ၏ ကျွမ်းကျင်လှပစွာဖန်တီးထားသော အနုပညာလက်ရာများကြောင့် လူအများ၏စိတ်ဝင်စားမှုကို ပြန်လည်ရရှိလာ ခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ဘီဟာပြည်နယ်အတွင်းမှ မက်ဒ်ဟူဘာနီရထားဘူတာရုံလေးကို ပြန်လည်အလှဆင်ခြင်းဖြင့် ဒေသခံပန်းချီပညာရှင် ၂၃၀ ခန့်သည် ၄င်းတို့၏ပါရမီများကို လွတ်လွတ်လပ်လပ်ချပြနိုင်ခဲ့ပြီး တစ်မူထူးသော ဂျီသြမေတြီပုံစံလက်ရာများနှင့် လှပသောအနုပညာဖန်တီးချက်များကြောင့် ကမ္ဘာလှည့်ခရီးသွားများ၏ အာရုံ ကိုပါ ဖမ်းစားထားနိုင်ခဲ့သည်။

“မက်ဒ်ဟူဘာနီဘူတာရုံက ပန်းချီလက်ရာတွေဟာ မီသီလန်ချယ်ဒေသက ဒေသတွင်းလက်ရာအစစ်အမှန်တွေ ပဲဖြစ်ပါတယ်။ ထူးခြားကောင်းမွန်တဲ့ အခါသမယတွေမှာ ဒီဒေသက အိမ်သူအိမ်သားတွေရဲ့ ဖန်တီးနေကျဖြစ်တဲ့ မက်ဒ်ဟူဘာနီလို့ခေါ်တဲ့ ပန်းချီလက်ရာလေးတွေပါ”ဟု မီးရထားဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုခဲ့သည်။

ဘူတာရုံလေးအား ယင်းသို့အလှဆင်ပေးခြင်းအတွက် ပန်းချီပညာရှင်များအနေဖြင့် အနုပညာကြေးမရရှိခဲ့သော် လည်း မီးရထားဌာနမှတာဝန်ရှိသူများက ၄င်းတို့အား ဘူတာရုံ၏ ၆၅၀ စတုရန်းမီတာအကျယ်အဝန်းအတွင်း ပန်းချီများရေးဆွဲရန်အတွက် လိုအပ်သော ပစ္စည်းကရိယာများကို ထောက်ပံ့ပေးခဲ့သည်။

ယခုအခါတွင် ယင်းဘူတာရုံလေးထဲမှ ပန်းချီလက်ရာများသည် ကမ္ဘာ့အကြီးဆုံး မက်ဒ်ဟူဘာနီပန်းချီလက်ရာ များ ဖြစ်လာနိုင်သည်ဟု မီးရထားအာဏာပိုင်များက ဆိုခဲ့သည်။

ယင်းသို့ ဘူတာရုံအလှပြန်ဆင်ခြင်းအား ဦးဆောင်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည့် ဂျာဟာက “ပန်းချီဆရာတွေ ဟာ ပန်းချီကားပုံစံမျိုးစုံကို ရေးဆွဲပေးခဲ့ကြပါတယ်။ ဒီဒေသတွင်းက နေ့တဓူဝကြံုတွေ့နေရတဲ့ဖြစ်ရပ်တွေ၊ ယဉ်ကျေးမှုနဲ့ လူမှုအဖွဲ့အစည်းက ပုံစံတွေကို ဒီဘူတာရုံလေးထဲမှာ ပုံဖော်ရေးဆွဲခဲ့ကြပါတယ်” ဟု ပြောခဲ့သည်။

မက်ဒ်ဟူဘာနီဘူတာရုံသည် ဘီဟာပြည်နယ်အတွင်းမှ သက်တမ်းအရင့်ဆုံး မီးရထားဘူတာရုံလေးဖြစ်သည်။

မက်ဒ်ဟူဘာနီပန်းချီရေးဆွဲနည်းဟု လူသိများသော မီသီလာအနုပညာလက်ရာများသည် နီပေါနှင့်အိန္ဒိယတို့မှ ဆင်းသက်လာခြင်းဖြစ်ပြီး ဒဏ္ဍာရီနှင့် ရိုးရာပုံပြင်များထဲမှ ဖြစ်ရပ်များကို ဖန်တီးပုံဖော်ထားသော ပန်းချီကားများ ဖြစ်ကြသည်။

ယင်းပန်းချီပညာရှင်များသည် ၄င်းတို့၏ လက်ချောင်းများ၊ သစ်ခက်များ၊ စုတ်တံများ၊ ကလောင်များ၊ မီးခြစ်ဆံ များနှင့် သဘာဝဆိုးဆေးများကို အသုံးပြုကာ မက်ဒ်ဟူဘာနီဒီဇိုင်းများကို ရေးဆွဲပြီး ယင်းပညာရပ်ကို မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် လက်ဆင့်ကမ်းလာခြင်းဖြစ်သည်။

ယင်းသို့ ဘူတာရုံလေးအား ပြန်လည်အလှဆင်လိုက်သည့်အတွက် ခရီးသွားဦးရေမှာ ယခင်ထက် နှစ်ဆကျော် ခန့် တိုးတက်လာခဲ့ပြီး ဘူတာရုံအတွင်းရှိ ရောင်စုံပန်းချီလက်ရာများကြောင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များ ကိုပါ ဆွဲဆောင်လာနိုင်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required