ချင်းတွင်းသင်္ကြန်တွင် ဖျော်ဖြေမည့် အကအဖွဲ့ကို ၀ါသနာရှင်များနှင့်သာဖွဲ့စည်းထား

ချင်းတွင်းသင်္ကြန်တွင် ဖျော်ဖြေမည့် အကအဖွဲ့ကို ၀ါသနာရှင်များနှင့်သာဖွဲ့စည်းထား

မုံရွာ၊ ဧပြီ ၈ ။                        ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ သဲသောင်ပြင်တွင်ကျင်းပမည့် ချင်းတွင်းသင်္ကြန် ဗဟိုမဏ္ဍပ်တွင်ဖျော်ဖြေမည့်အကအဖွဲ့ကို ၀ါသနာရှင်ဒေသခံများ ဖြင့်သာ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ဗဟိုမဏ္ဍပ်အကအဖွဲ့အုပ်ချုပ်သူ ဖြစ်သည့် ဒေါ်ခင်အုန်းမြင့်ပြောသည်။

“ ၀န်ထမ်းတွေလည်းပါတယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီးသား ကလေးတစ်ယောက်မှမပါဘူး။ တက္ကသိုလ်တက်တဲ့ကလေးတွေပါလာမယ်။ ယဉ်ကျေးမှု တက္ကသိုလ်ဆင်းတစ်ယောက်မှမပါဘူး။ ဒီမှာက အရပ်သူတွေချည်းပဲ အားလုံးက။ ယဉ်ကျေးမှုဆင်းမပါဘူး။ ရတန်း ၈ တန်းကနေစပြီး တက္ကသိုလ်ထိ လုပ်ငန်းခွင်ဝင်နေတဲ့ ကလေးတွေ အထိပါတယ်။ အားလုံးယိမ်းက ဆရာမတို့ စုစည်းထားတာတော့ ၄၈ ယောက် “ ဟုဒေါ်ခင်အုန်းမြင့်က ဆိုသည်။

အဆိုပါအကအဖွဲ့တွင် ကြီးကြပ်ရေး ၆ ယောက်နှင့် အကမယ် ၄၂ ယောက် စုစုပေါင်း ၄၈ ယောက်ဖွဲ့ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းသိရသည်။

အကအဖွဲ့များကို လွန်ခဲ့သည့် မတ်လ ၂၀ ရက်နေ့ခန့်ကတည်းက စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ခန်းမတွင်  စတင်လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်ပြီး သင်ကြားချိ်န် ရက် ၂၀ ကျော်ကြာမြင့်ခဲ့ပြီလည်းဖြစ်သည်။

“ သမီးက ၀ါသနာလည်းပါတယ်။ ပြီးတော့ ကြီးကြီးတို့နဲ့လည်းသိတယ်လေ။ သိတဲ့ခါကျတော့ အဆက်အသွယ်ရပြီးပါဖြစ်တာပါ။ အက အပုဒ်အကုန်လုံးကိုတော့ပါတယ်ပေါ့နော်။ အကလေးတွေကလည်းကောင်းပါတယ်။ အကတွေကတော့တိုက်နေကြတုန်းပေါ့။ တော်တော်တော့ညီနေပါပြီ ၂၀ ရက်နေ့ကတည်းကစတိုက်တာဆိုတော့ နည်းနည်းတော့ကြာပြီဆိုတော့ ညီနေပါပြီ  “ ဟု မုံရွာဒေသခံ ၁၀ တန်းကျောင်းသူ မဝင်းသီရိ  ကပြောသည်။

ကိန္နရီ ကိန္နရာအက၊ ဒေါင်းအက ပန်းစိုက် စသည့်အကများအပြင် အခြေခံအကများကို တီထွင်ဖန်တီးမှုများအသစ်ပြုလုပ်ကာ ကပြဖျော် ဖြေသွားမည် ဖြစ်ကြောင်းလည်း ဒေါ်ခင်အုန်းမြင့်ကဆိုသည်။

ချင်းတွင်းသင်္ကြန် ဗဟိုမဏ္ဍပ်တွင် ကပြဖျော်ဖြေမည့် ယိမ်း ၁၁ ယိမ်း ရှိပြီး သီချင်းအမျိုးအစား စုံလင်စွာထည့်ထားကြောင်းလည်း ဗဟိုမဏ္ဍပ်အကအဖွဲ့ နည်းပြလည်းဖြစ် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်၊  ရုပ်ရှင်နှင့် ပြဇာတ်ဌာနမှ  ကထိက လည်းဖြစ်သည့်  ဦးမြတ်လင်းကပြောသည်။

“ ယိမ်းကတော့ ၁၁ ယိမ်းလောက်ရှိတယ်။ ၁၁ ယိမ်းမှာ “ Welcome To ChinTwin “ ဆိုတဲ့သီချင်းနဲ့လည်း သီချင်းအပါအဝင်ပေါ့။ တခြားသီချင်း တွေလည်းအများကြီးပေါ့။ ချင်းတွင်းသင်္ကြန်ကိုတော့ “ Welcome To ChinTwin “ ဖြစ်တဲ့အတွက် Creation လုပ်ထားတယ်။ ချင်းတွင်းဆိုတော့ ပဝါယိမ်းလေးပေါ့။ သင်္ကြန်နဲ့လည်း ပက်သက်တဲ့အနံ့လေးလည်းထည့်တယ်။ ပြီးတဲ့အခါကျတော့ ပဝါယိမ်းအက ဖန်တီးမှုလေးလည်းပါတယ်။ ဆိုတော့  “ Welcome To ChinTwin “ လေးက သဘောကျမိတယ်ပေါ့။ ဆရာ့ရင်ထဲမှာ “ ဟု ၄င်းကဆိုသည်။

အကမယ်များသည် ချင်းတွင်းသင်္ကြန်ဖွင့်ပွဲပြုပ်သည့် ဧပြီ ၁၁ ရက်နေ့မှစတင်ကာ ၁၆ ရက်နေ့ထိ ၆ ရက်ကြာ ဗဟိုမဏ္ဍပ်တွင် ဖျော်ဖြေသွားမည် ဖြစ်ကြောင်းလည်းသိရသည်။

ချင်းတွင်းသင်္ကြန်ပွဲတော်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်းနံဘေးသဲသောင်ပြင်ပေါ်တွင် ဧပြီလ ၁၁ ရက်နေ့မှ ၁၇ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် မြန်မာရိုးရာယာဉ်ကျေးမှုများကိုထမ်းသိမ်းရန်၊ ဒေသထွက်ကုန်ပစ္စည်းများ စျေးကောင်း ရရှိစေရန်၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နှင့် ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုကဲ့သို့စီစဉ်ပြုလုပ်ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required