ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ငါးမွေးမြူသူများ အတွက် မွေး/ရေ ၀န်ကြီးဌာန ထောက်ပံ့မည်

ရေကြီးမှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ငါးမွေးမြူသူများ အတွက် မွေး/ရေ ၀န်ကြီးဌာန ထောက်ပံ့မည်
ငါးမွေးမြူရေး ကန်တစ်ခုတွင် ငါးဖမ်းနေသည်ကို တွေ့ရစဉ်။ ဓါတ်ပုံ - မဇ္စျိမ

ပြီးခဲ့သည် လပိုင်း အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးနစ်မြုပ်မှုကြောင့် ပျက်ဆီးဆုံးရှုံးသွားသော ငါးမွေးမြူ သူများအတွက်  မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနသည် ကျပ်  ၁၅၀ သန်း အပြင် ကျပ် ၁၅၀ သန်းနှင့် ညီမျှသော ငါးမျိုးများ၊ ငါးသားပေါက်များကို ပြန်လည်ထူ ထောင်ရေး အတွက် ကူညီရန် စီစဉ်ထားကြောင်း ယင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာ ခင်ဇော်က  ပြောသည်။

ငါးမွေးရာသီ အမှီ  မွေးမြူရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေးအတွက် ယင်းကဲ့သို့ ထောက်ပံ့ပေးခြင်းဖြစ်သည်ဟု ၎င်းက သြဂုတ်  ၂၆ ရက်တွင် နေပြည်တော်ရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနရုံး အမှတ် ၃၆ တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ ပြောကြား ခဲ့ခြင်းဖြစ်သည်။  

သဘာဝဘေးကြောင့် ပျက်ဆီးသွားသည်များကို ပြန်လည်ထူထောင်ရေး အစီအစဉ်အနေဖြင့် ကျပ်သန်း ၁၅၀ နှင့် ညီမျှသော ငါးမျိူးများ၊ ငါးသားပေါက်များကို ငါးလုပ်ငန်းဦးစီးဌာနနှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်း ရှင်များ အသင်းတို့က ပူပေါင်း၍ ထောက်ပံ့ပေးမည်ဖြစ်ပြီး ကျပ်သန်း ၁၅၀ ကိုလည်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနက မတည်ပံ့ပိုးသွားမည်ဟုလည်း ဒေါက်တာ ခင်ဇော်က ဆိုသည်။

အဆိုပါ အစီအစဉ်တွင် ပဲခူးတိုင်းဒေသကြီးတွင်း မြို့နယ်များမှ ငါးမွေးသူများ၊ ရန်ကုန်တိုင်းဒေသကြီးမှ ငါးမွေး သူများ၊ ဧရာဝတီတိုင်းဒေသကြီးမှ ငါးမွေးသူများ၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ငါးမွေးသူများ ပါဝင်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ရေကြီးမှုကြောင့် ငါးကန်များ ပျက်စီးသွား၍ ပြည်ပပို့ကုန် အတွက် အထိုက် အလျောက် ဆုံးရှုံးမှု ရှိနိုင်သည်ဟု ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ဆိုသည်။

၎င်းက  `` ပြည်ပပို့ကုန်အနေနဲ့ကြည့်မယ်ဆိုရင် ကျွန်တော်တို့က ငါးမြစ်ချင်းကို အဓိကထားပြီးပို့တာ။  ပြည်ပ ကနေ ဝယ်လိုအားအပေါ်မှာ မူတည်ပြီးတော့ ကျွန်တော် တို့က တင်ပို့ခြင်းဖြစ်တယ်။ လောလောဆယ်မှာ လက်ရှိ မွေးမြူထားတဲ့ ငါးတွေကနေ ပြည်တွင်းစားသုံးမှုရှိတယ်။ ပြည်ပ ပို့ကုန်ရှိတယ်။ ပြည်ပပို့ကုန်နဲ့ ပါတ်သက်လို့ကတော့ ဝယ်လိုအား အပေါ်မူတည်ပြီး အထိုက်အ လျောက် လေးတော့ ဆုံးရှုံးမှုတော့ ရှိကောင်း ရှိနိုင ်ပါ တယ် `` ဟု ပြောသည်။

ရေကြီးမှုကြောင့် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း အတွင်းရှိ ငါးကန်များ ပျက်စီး ဆုံးရှုံးခဲ့ရပြီး အချို့ မြို့နယ်များ ဧက ထောင်ချီ ပျက်စီးမှုများ ကြုံတွေ့ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly