ရိုးရာဓလေ့သုံးဆန်ကောများ ဝယ်လိုအား ရှိနေသေးသော်လည်း ရက်လုပ်သူများရှားပါးလာ

ရိုးရာဓလေ့သုံးဆန်ကောများ ဝယ်လိုအား ရှိနေသေးသော်လည်း ရက်လုပ်သူများရှားပါးလာ

သထုံ၊ ဧပြီ ၊ ၈ ။           ။ ရိုးရာဓလေ့သုံးဖြစ်သော ဆန်ကောများကို ဝယ်ယူလိုအားများက ရှိနေသေးသော်လည်း ရက်လုပ်သူများပိုမို ရှားပါးလာလျှက်ရှိကြောင်း မွန်ပြည်နယ် သထုံမြို့နယ် သင်းထော်ကျေးရွာနေ ဆန်ကောရက်လုပ်သူများထံမှ သိရသည်။

"ဝါးတွေရှားလာတာလည်းပါတယ်။ တချို့က ခြံလုပ်လာကြတယ်။ တချို့က ထိုင်းတက်ပြီး အလုပ်သွားထွက်လုပ် ကြတယ်။ အိုးမကွာ အိမ်မကွာ အိမ်မှာနေနေတဲ့သူတချို့လောက်ပဲ ဆန်ကောရက်ကြတော့တယ်"ဟု နှစ် ၂၀ခန့် ဆန်ကောယက်လုပ်ငန်း လုပ်ခဲ့သူ ကိုစိုးမြင့်က ပြောသည်။

 ဆန်ကောသည် ရိုးရာဓလေ့သုံး ပစ္စည်းဖြစ်၍ ရပ်ဝေးရပ်နီး ဖောက်သည်မျာက လာရောက်ဝယ်ယူ ကြလျက်ရှိရာ ရောင်းအားမှာ မကျသေးကြောင်း ဆန်ကောအရောင်းအဝယ်လုပ်သူ သင်းထော်ရွာနေ မသန်းမော်ထံမှ သိရသည်။

  " ကရင်တွေရဲ့ ရိုးရာဓလေ့ တစ်ခုဖြစ်တဲ့ ချည်ဖြူလက်ဖွဲ့ လက်ချည်ပွဲတွေမှာဆို ဆန်ကော အသစ် ကိုပဲ သုံးရတာ။ တချို့ကလည်း ကလေးမွေးလာတဲ့အခါ ကလေးကို သိပ်ဖို့ ဆန်ကောအသစ်ပဲ ဝယ်ကြတယ်။ ဒီတော့ ရောင်းကောင်းနေတုန်း ပါပဲ"ဟု ဆန်ကောရောင်းသူ မသန်းမော်က ပြောသည်။

အဆိုပါ ရိုးရာဓလေ့သုံး ဒေသထွက် ဆန်ကောများကို ဒုန်ဝန်း ကျိုက်ကော် သာယာကုန်း လိပ်အင်း သထုံနှင့် ကရင်ပြည်နယ် ဘားအံ သာမည မြတ်ဝတီမှ ဖောက်သည်များက လာရောက် ဝယ်ယူကြပြီး  အရန်သင့် ယက်လုပ်ထားခြင်း မရှိသောအခါများတွင် ဖောက်သည်များမှာ ဆန်ကောမရဘဲ ပြန်သွားရသည်ဟု အရောင်းအဝယ် လုပ်သူများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly