"သင်္ကြန် မန္တလေး"

"သင်္ကြန် မန္တလေး"

အစိုးရသစ် တက်လာချိန်ကနေစတင်ပြီး မန္တလေးသင်္ကြန်ကို ပြောင်းလဲမှုတွေ စတင်လုပ်ခဲ့ပါတယ်။ အဲဒီလို ပြောင်းလဲမှုတွေလုပ်လိုက်တာနဲ့ တစ်ပြိုင်တည်း ဝေဖန်မှုတွေကလည်း ညံပြီးထွက်လာပါတယ်။

ညံနေတဲ့ ဝေဖန်မှုတွေကို တိတ်ဆိတ်အောင်လုပ်လိုက်တာကတော့ လမ်းလျှောက်သင်္ကြန်ပါပဲ။ အားလုံး တူညီတဲ့အဖြေတစ်ခုကတော့ ကောင်းတယ်။ ဒါမှ မန္တလေးသင်္ကြန်ဆိုတဲ့အသံပါပဲ။

အရင်နှစ်တွေ နှစ်တွေက မန္တလေးသင်္ကြန်ဟာ ရိုးရာယဉ်ကျေးမှုကနေ သွေဖယ်ပြီး သရုပ်ပျက် ဝတ်စား ဆင်ယင်မှုတွေနဲ့ ဒီဂျေသံတွေလွှမ်းမိုးလာခဲ့ပါတယ်။

တူးပို့သံတွေ နည်းလာပြီး အလှပြယာဉ်တွေလည်း လျှော့နည်းလာခဲ့ပါတယ်။

ဒီလိုတွေ ဖြစ်နေတာကို အစိုးရအဖွဲ့က ရိုးရာသင်္ကြန်ဖြစ်အောင် ပြန်လည်ဖော်ဆောင်လာတာပဲဖြစ်ပါတယ်။

ယာဉ်မတော်မဆမှုတွေ ခိုက်ရန်ဖြစ်ပွားမှုတွေ သေဆုံးမှုတွေ ကျံုးဘေးမှာ ကားတွေပိတ် တိုးခွေ့နေတာကို သိသိသာသာ လျော့နည်းသွားတာတော့ လမ်းလျှောက်သင်္ကြန်ပါပဲ။ လမ်းလျှောက်သင်္ကြန်ကို နိုင်ငံခြားခရီးသွားတွေပါ စိတ်ဝင်စားခဲ့သလို မြို့လူထုနဲ့ လာရောက်လည်ပတ်ကြသူများကလည်း နှစ်သက်လက်ခံခဲ့ကြပါတယ်။

ဒီနှစ်မှာတော့ ပိုပြီးထူခြားမှုတစ်ခုကို စတင်ပုံဖော်ဖို့ အစိုးရအဖွဲ့က ကြိုးစားလိုက်ပြန်ပါတယ်။အဲဒါကတော့ တောသင်္ကြန်ပါပဲ။

တောသင်္ကြန်မှာ မြန်မာ့ရိုးရာအစားအစာတွေရောင်းချတာတွေပါမယ်။ မြန်မာ့ရိုးရာ လက်မှုပညာတွေ ပြသရောင်းချမှာတွေပါမယ်။ တောဓလေ့၊ တောအငွေ့တွေလည်း ဒီတောသင်္ကြန်မှာ တွေ့ရမှာဖြစ်ပါတယ်။

လမ်းလျှောက်သင်္ကြန်၊တောသင်္ကြန် လုပ်လိုက်တဲ့အတွက် ကျံုးဘေးမှာ လူငယ်တွေ ပျော်ရွှင်ဖို့ မဏ္ဍပ်တွေနည်းသွားပေမယ့် လမ်းလျှောက်သင်္ကြန်နဲ့တောသင်္ကြန်မှာ တစ်သားတည်း လျှောက်လှမ်းရင် ပျော်ရွှင်လို့ ရမှာပဲဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ရတနာပုံခေတ် သင်္ကြန်အမိန့်တော်ပြန်တမ်း အစီအစဉ်ကိုလည်း ရှေးမူအတိုင်း လူငယ်တစ်စုက စုပေါင်းပြီးလုပ်မှာလည်း ပါပါတယ်။

သင်္ကြန်လို့ဆိုလိုက်တာနဲ့ မန္တလေးမဟာသင်္ကြန်ကို ပြေးမြင်မိကြတာများပါတယ်။ ဒါကြောင့်လည်း လူငယ်အများစုက မန္တလေးသင်္ကြန်မှာ လာရောက်ဆင်နွှဲဖို့ တစ်လလောက်ကြိုတင် ပြင်ဆင်တာလေး လုပ်ခဲ့ကြပါတယ်။

မန္တလေး မဟာသင်္ကြန်မှာတော့ လူငယ်တွေအတွက် လူငယ်သင်္ကြန်ဆိုတာကလည်း ထည့်သွင်းထားပါသေး တယ်။

ဒီနှစ်မန္တလေးမဟာသင်္ကြန်ကတော့ နန်းမူ၊နန်းဟန်နဲ့ ယဉ်ကျေးမှုအစဉ်အလာတွေ ထိန်းသိမ်းရင် ပျော်ရွှင်ကြရဦးမှာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly