မုတ္တမကမ်းလွန်ရေတိမ်ပိုင်းလုပ်ကွက် M-7 ၌ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေ ထုတ်လုပ်မည်

မုတ္တမကမ်းလွန်ရေတိမ်ပိုင်းလုပ်ကွက် M-7 ၌ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေ ထုတ်လုပ်မည်
Photo - Tap Oil Limited

သြဂုတ် ၂၈ ရက် ။         ။ မုတ္တမကမ်းလွန်ရေတိမ်ပိုင်းလုပ်ကွက် M-7 ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ရေး ဆောင်ရွက်ရန် မြန်မာ့ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းနှင့် သြစတြေးလျ Tap Oil Limited၊ မြန်မာနိုင်ငံမှ Smart E & P International Co., Ltd တို့ ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ်ကို သြဂုတ် ၂၆ တွင် နေပြည်တော်၌ လက်မှတ်ထိုးကြသည်။

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဦး၊ Tap Oil Limited ဥက္ကဌ Mr. Douglas W Bailey၊ Smart E & P International Co., Ltd မန်းနေဂျင်းဒါရိုက်တာ ဒေါ်ရတနာစုလှိုင်တို့က ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေး Production Sharing Contract (PSC) စာချုပ်ကို လက်မှတ်ရေးထိုးကြသည်။

အဆိုပါစာချုပ်လက်မှတ်ထိုးခြင်းမှ မြန်မာနိုင်ငံက Signature Bonus အမေရိကန်ဒေါ်လာ ၅ ဒဿမ ၂ သန်း၊ Data Fee ဒေါ်လာ ၃ ဒဿမ ၅ သိန်း ရရှိမည်ဟု နိုင်ငံပိုင်သတင်းစာက ဖော်ပြသည်။

M-7 လုပ်ကွက်အတွက် ဆန်းစစ်လေ့လာရေးကာလ ၂ နှစ်နှင့် ရှာဖွေရေးကာလ ၆ နှစ်အတွင်း အနည်းဆုံး ကန်ဒေါ်လာ ၁၁၀ ဒဿမ ၇၅ သန်း သုံးစွဲမည်ဟု နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြထားသည်။

PSC စာချုပ်အရ ပူးတွဲကုမ္ပဏီများက သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွား ထိခိုက်ပျက်စီးမှု ဆန်းစစ်လေ့လာရေး လုပ်ငန်းကို ၁၈ လကြာ ပြုလုပ်ပြီးမှ ရှာဖွေရှာဖွေရေးလုပ်ငန်းများ လုပ်ကိုင်ရန် သဘောတူ ခဲ့ကြသည်ဟု Tap Oil ကုမ္ပဏီက ထုတ်ပြန်ထားသည်။

မုတ္တမကမ်းလွန်ရေတိမ်လုပ်ကွက် M-7 အတွက် ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားရေးစာချုပ်လက်မှတ်ထိုးခြင်းသည် စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၃ ခုတွင် ခေါ်ယူခဲ့သော ကမ်းလွန်လုပ်ကွက် ၃၀ အတွက် ပထမအကြိမ်နိုင်ငံတကာ တင်ဒါတွင် အောင်မြင်ခဲ့သည့် လုပ်ကွက် ၂၀ အနက် နောက်ဆုံးလုပ်ကွက်အတွက်ဖြစ်ကြောင်း သိရသည်။

စတုရန်းကီလိုမီတာ ၁၃,၃၇၂ ကျယ်ဝန်းသည့် M-7 လုပ်ကွက်သည် မုတ္တမပင်လယ်ရှိ ရတနာဓာတ်ငွေ့ကွင်း၏ အရှေ့ဘက် ၉၉ မိုင် အကွာ၊ ဇောတိကဓာတ်ငွေ့ကွင်း၏ အရှေ့မြောက်ဘက် မိုင် ၄၀ အကွာတွင် ရှိကြောင်း သိရသည်။

Ref; Tap Oil Limited, Myanma Alinn

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required