ဧပြီ ရ၊ မန်ချက်စတာ။ ။ မိမိမှာ သူရဲဘောကြောင်သူတစ်ဦးဖြစ်သည်ဟု မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွာဒီယိုလာက မန်ယူနိုက်တက်နှင့်ပွဲမတိုင်မီ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။
“နောက်ဆုံးတော့ ကျွန်တော့်လျှို့ဝှက်ချက်ကို လူတွေသိသွားပြီ။ ကျွန်တော်က လူဆိုးပါ။ သူရဲဘောကြောင်သူ တစ်ယောက်ပါ” ဟု ဂွာဒီယိုလာက ဆိုသည်။
ပေါ့ဂ်ဘာ၊ မစ်ခီတာယန်၊ အီဘရာဟီမိုဗစ်တို့၏ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာ၏ စော်ကားပြောဆိုမှုများနှင့်ပတ်သတ်ပြီး ဂွာဒီယိုလာက ပြန်လည်ထေ့ငေါ့ပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။
ရွိုင်အိုလာသည် ၎င်း၏ကစားသမားတစ်ဦးဖြစ်သူ အီဘရာဟီမိုဗစ်နှင့်ပတ်သက်ပြီး ဂွာဒီယိုလာကို အခဲမကြေဖြစ်နေကာ “အရည်အချင်းမရှိသူ၊ သူရဲဘောကြောင်သူ၊ ခွေးတိရစ္ဆာန်” ဟု ပြောဆိုထားသူဖြစ်သည်။
ဘာစီလိုနာအသင်းကို ဂွာဒီယိုလာကိုင်တွယ်ခဲ့စဉ်က ချန်ပီယံလိဂ်ဖလားမရမီ တစ်နှစ်အလို ၂၀၁၁ တွင် အီဘရာဟီမိုဗစ်ကို ဘာစီလိုနာမှ ထွက်ခွာသွားရအောင် ဂွာဒီယိုလာဖိအားပေးခဲ့သည်ဟု ရွိုင်အိုလာက ထင်နေသည်။
ဆွီဒင်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် ကစားသမားဘဝတွင် ဆုဖလားပေါင်းများစွာရခဲ့သော်လည်း ချန်ပီယံလိဂ်ဖလားကို တစ်ကြိမ်မှ ရရှိခဲ့ခြင်းမရှိပေ။
မန်ယူနိုက်တက်နှင့်ကစားမည့်ပွဲမတိုင်မီ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရွိုင်အိုလာ၏ လုပ်ရပ်တစ်ခုကို ဖော်ကောင်လုပ်ရင်း ဂွာဒီယိုလာက ပြန်လည်ထေ့ငေါ့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ရွိုင်အိုလာသည် ပြီးခဲ့သည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းက ပေါ့ဂ်ဘာနှင့် မစ်ခီတာယန်ကို ဝယ်ယူရန် မန်စီးတီး အသင်းထံ လာရောက်ကမ်းလှမ်းခဲ့ဖူးသည်ဟု ဂွာဒီယိုလာက ဖော်ကောင်လုပ်ခဲ့သည်။
Ref; AFP