ဇူကာဘတ်၏ ပြောစကားနှင့်ပတ်သက်၍ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများက အိတ်ဖွင့်စာပေးပို့ပြီးနောက် ဖေ့ဘွတ်ခ် ပြန်လည်တောင်းပန်

ဇူကာဘတ်၏ ပြောစကားနှင့်ပတ်သက်၍ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများက အိတ်ဖွင့်စာပေးပို့ပြီးနောက် ဖေ့ဘွတ်ခ် ပြန်လည်တောင်းပန်
Facebook founder Mark Zuckerberg. Photo: EPA

 

ဧပြီ ရ ။                              ။ ဆိုရှယ်မီဒီယာပလက်ဖောင်း ဖေ့ဘွတ်ခ်အနေဖြင့် မြန်မာနိုင်ငံတွင် အမုန်းစကားများနှင့် သွေးထိုးလှုံ့ဆော်မှုများကို အချိန်မီ အလျင်အမြန်တားဆီးပေးရန် ပျက်ကွက်ခဲ့ကြောင်း ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများက အိတ်ဖွင့်ပေးစာ ပေးပို့ပြီးနောက် ယင်းကိစ္စနှင့်ပတ်သက်၍ ဖေ့ဘွတ်ခ်ကုမ္ပဏီဘက်က ဧပြီ ၆ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်တောင်းပန်သွားခဲ့သည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာတစ်ချို့နှင့် မွတ်ဆလင်တစ်ချို့တို့အကြား ဖေ့ဘွတ်ခ်ကို အသုံးပြုကာ တစ်ဘက်နှင့်တစ်ဘက် အမုန်းစကားဖြန့် သွေးထိုးလှုံ့ဆော်မှုများ ရှိနေခဲ့ကြောင်း၊ ယင်းတို့ကို အချိန်မီသိရှိပြီး လိုအပ်သည့် တားဆီးထိန်းချုပ်မှုများ လုပ်ဆောင်ပေးခဲ့ရကြောင်း ဖေ့ဘွတ်ခ် ကုမ္ပဏီတည်ထောင်သူနှင့် စီအီးအိုဖြစ်သည့် မာ့ခ် ဇူကာဘတ်က အစောပိုင်းတုန်းက ပြောကြားထားခဲ့သည်။ မာ့ခ်၏ အဆိုပါပြောစကားအပေါ် ကျေနပ်မရှိသည့်အတွက် မြန်မာ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်း ၆ ခုက ဖေ့ဘွတ်ခ်ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ပြီး တုန့်ပြန်ခဲ့ကြခြင်း ဖြစ်သည်။

မာ့ခ် ဇူကာဘတ်က ယခုသီတင်းပတ်အတွင်း သတင်းဌာနတစ်ခုဖြစ်သည့် Vox နှင့်တွေ့ဆုံသည့် အင်တာဗျူးတစ်ခု၌ ပြောကြားထားရာတွင် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်နှင့် မွတ်ဆလင်တို့အကြား ဖေ့ဘွတ်ခ် မက်ဆင်ဂျာပေါ်ကနေတဆင့် သွေးထိုးလှုံ့ဆော်သည့် အမုန်းစကား မက်ဆေ့ချ်များ ဖြန့်ဝေနေလျက်ရှိကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။

" အဲဒီက လူတွေ အမုန်းတရားတွေ ဖြန့်ဖို့ ရည်ရွယ်ပြီး ကျွန်တော်တို့ ပလက်ဖောင်းကို အသုံးချလုပ်ဆောင်နေတယ်လို့ သိခဲ့ရတယ်၊ ခုဆိုရင် အဲဒီမှာ ဖြစ်ပျက်နေတာတွေကိုလည်း ကျွန်တော်တို့ရဲ့ စနစ်တွေကတဆင့် အချိန်မီ သိရှိနေပါပြီ၊ အဲဒီ အမုန်းစကားဖြန့် မက်ဆေ့ချ်တွေ ဆက်မပြန့်နှံ့အောင် ကျွန်တော်တို့ချက်ချင်း တားဆီးပေးနိုင်ခဲ့ပါတယ်" ဆိုပြီး ဇူကာဘတ်က ယင်းအင်တာဗျူးတွင် ထည့်သွင်းပြောဆိုခဲ့သည်။

သို့ရာတွင် ဖေ့ဘွတ်ခ်၏ စနစ်များမှာ မြန်မာနိုင်ငံတွင် အမုန်းစကားတားဆီးမှုပိုင်းတွင် ထိရောက်မှုရှိခဲ့သည်ဆိုပြီး ဇူကာဘတ် ပြောဆိုခဲ့သည်ကို ကြားရတော့ အလွန်ပင် အံ့အားသင့်ခဲ့ရကြောင်း ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်း ၆ ခု၏ အိတ်ဖွင့်စာထဲတွင် ဖော်ပြထားသည်။

" သူပြောသလို သူတို့စနစ်တွေက ထိရောက်မှု ရှိတယ်ဆိုတာ မဟုတ်ပါဘူး၊ ဒီကအမုန်းစကားမက်ဆေ့ချ် တွေအတွက် ဖေ့ဘွတ်ခ်ရဲ့ တုန့်ပြန်ဖြေရှင်းမှုကို စောင့်ရတာ အချိန် လေးရက်လောက် ကြာပါတယ်" ဆိုပြီး ပြည်တွင်း အရပ်ဘက်အုပ်စုများက ပြောကြားခဲ့ကြသည်။

" သွေးထိုးလှုံ့ဆော်မှုတွေ ရပ်သွားဖို့ နေနေသာသာ၊ နောက်ထပ် ထပ်ပြီးတော့တောင် ပြန့်နေခဲ့ပါသေးတယ်" လို့လည်း ပြောသွားခဲ့သည်။

အဆိုပါ ပြည်တွင်းအရပ်ဘက်အဖွဲ့များ၏ အိတ်ဖွင့်ပေးစာ ပေးပို့ပြီးနောက် ဧပြီ ၆ ရက်တွင်မူ ဖေ့ဘွတ်ခ် ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြန်လည်ထုတ်ပြန်တောင်းပန်သွားခဲ့သည်။ ၎င်းတို့ ပလက်ဖောင်းအနေဖြင့် သွေးထိုးလှုံ့ဆော်သည့် မက်ဆေ့ချ်များကို တုန့်ပြန်ထိန်းချုပ်ရာတွင် လွန်စွာ နှေးကွေးမှုများ ရှိခဲ့ပါကြောင်း ၎င်းက ၀န်ခံသွားခဲ့သည်။

" ကျွန်တော်တို့ ခုထက်တော့ ပိုမြန်မြန်ဆန်ဆန် လုပ်နိုင်ခဲ့သင့်ပါတယ်၊ ခုကတော့ ကျွန်တော်တို့ရဲ့ နည်းပညာတွေကို ပိုတိုးတက်ကောင်းလာအောင် လုပ်နေပါတယ်၊ နောက်ပြီး ဒီ မက်ဆေ့ချ်တွေကို စပြီး အသိပေးအကြောင်းကြားခဲ့တာက မြန်မာနိုင်ငံက အရပ်ဘက်လူ့အဖွဲ့အစည်းတွေဖြစ်တယ်ဆိုတာကို မာ့ခ်က ရှင်းရှင်းလင်းလင်း မပြောခဲ့တဲ့အတွက်လည်း ကျွန်တော်တို့ဘက်က စိတ်မကောင်းဖြစ်မိပါတယ်" ဆိုပြီး ၎င်းက ပြောဆိုသွားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required