အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံထားရသည့် တရားသူကြီး ထွက်ပြေးနေပြီး အမှုတွဲရှေ့နေတစ်ဦး ဖမ်းမိထား

အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံထားရသည့် တရားသူကြီး ထွက်ပြေးနေပြီး အမှုတွဲရှေ့နေတစ်ဦး ဖမ်းမိထား
ဓာတ်ပုံ - ACC Myanmar

ရန်ကုန် ၊ ဧပြီ ရ ။        ။ ကျပ်ငွေ သိန်း ၁၀၀ ကျော် လာဘ်စားခဲ့ခြင်းကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် တရားသူကြီးသည် ထွက်ပြေးတိမ်းရှောင်နေပြီး ပါ၀င်ပတ်သက်နေသည့် အထက်တန်းရှေ့နေတစ်ဦးကို ဖမ်းဆီးရမိထားသည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

အမှုဖွင့်ခံထားရသည့် တရားသူကြီး ဦး ဦးသိန်းထွန်း သည် ကျိုက်ထိုမြို့နယ် တရားသူကြီးဖြစ်ပြီး ယခင် သံတွဲမြို့နယ် တရားသူကြီးအဖြစ် ဆောင်ရွက်စဉ်  အဂတိလိုက်စားခဲ့ခြင်းကြောင့် ကော်မရှင်မှ ဧပြီလ ၁ ရက်နေ့တွင် သံတွဲမြို့မရဲစခန်း တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ဦး ဦးသိန်းထွန်းသည် တရားလို ထံမှ လာဘ်ငွေ ၆၂ သိန်းကျော်အား ရယူခဲ့၍ တဖန်တရားခံဘက်မှလည်း ငွေကျပ်သိန်း ၁၀၀ရယူကာ တရားခံကို အမှုအနိုင်ပေးကြောင်း ၊ သက်သေထွက်ဆိုချက်များကို   ပြင်ဆင်ဖြည့်စွက်ခဲ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း နစ်နာသူ က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုင်ကြားမှုကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး စစ်ဆေးခဲ့ရာ တရားသူကြီး ဦး ဦးသိန်းထွန်းသည် တရားလိုထံမှ ငွေ ၆၂ သိန်းကို တောင်းခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ယင်းအပြင် အဆိုပါအမှု၏ တရားလိုရှေ့နေ ဒေါ်ခင်ချို၀င်းသည် ငွေကျပ် သိန်း ၄၀ ကျော်ကို တရားလိုထံမှ တောင်းယူပြီး တရားသူကြီး ဦးဦးသိန်းထွန်းထံ ပေးခဲ့ခြင်းကြောင့် အဂတိလိုက်စားမှုကို ကူညီအားပေးမှုဖြင့် အရေးယူခံရခြင်းဖြစ်သည်။

အဆိုပါ ကိစ္စရပ်များကြောင့် တရားသူကြီး ဦး ဦးသိန်းထွန်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိခဲ့သည့် အထက်တန်းရှေ့နေ ဒေါ်ခင်ချို၀င်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ၊ ၆၃ ဖြင့် အမှုဖွင့်ပြီး ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ တင်ပို့ပြီး တရားစွဲဆိုခဲ့သည်ဟု ကော်မရှင်က သတင်း ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် အုပ်ချုပ်ရေးမှူး ၊ တရားသူကြီး စသည့် တရားခံပြေး ၁၂ ဦး အထိ ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly