ရန်ကုန်မှ မုံရွာသွားသည့် ကားလက်မှတ်များပြတ်

ရန်ကုန်မှ မုံရွာသွားသည့် ကားလက်မှတ်များပြတ်

 

မုံရွာ၊ ဧပြီ ရ ။                    ။ ရန်ကုန်မြို့မှ မုံရွာမြို့သို့ ပြေးဆွဲနေသည့် အဝေးပြေး ကားလက်မှတ်များ မရှိတော့အောင် ပြတ်တောက်သွား ပြီဖြစ်ပြီး လက်မှတ်ရောင်းအားမှာလည်း သာမန်အချိန်များထက် ၃ ဆခန့်တက်လာကြောင်း အဝေးပြေးယာဉ်လိုင်းများမှ သိရသည်။

“ ကျွန်တော် မုံရွာသွားမှာပါ ။ ဒါပေမယ့် ဒီမှာကတော့ လူတော်တော်များများတိုးနေရတယ်။ ကျွန်တော် ၁၂ ရက်နေ့ပြန်မှာ။ လာတာက ၅ နာရီလောက်က လာတာဆိုတော့ အခုအချိန်ထိမရတာတော့ တော်တော်ကြာနေပြီ အခုပဲ ၁၂ နာရီထိုးနေပြီ။ တန်းစီတဲ့အခါကျတော့လည်း သူက အနားရောက်ခါကျမှာက ၁၁ ရက် ၊ ၁၂ ရက်ကုုန် သွားပြီလို့ပြောတာပေါ့။ ကျွန်တော်တို့တွေမရတော့ ဘာလုပ်ရမှန်းမသိလို့ စိတ်ညစ်လို့ ထိုင်နေတာပေါ့ “ ဟု  ရန်ကုန် ရွှေမန်းသူဂိတ်တွင် မုံရွာသို့ပြန်ရန် ကားလက်မှတ်တန်းစီနေသူ ကိုဌေးမြင့်ဝင်းကဆိုသည်။

ထို့ကြောင့် လက်ရှိ ရွှေမန်းသူဂိတ်တွင်လက်မှတ်ရောင်းချရမှုအခြေအနေနဲ့ပက်သက်ပြီး မဇ္စျိမမှ သွားရောက် မေးမြန်းခဲ့ရာ “ သာမန်ထက်စာရင်တော့ ၁၀၊ ၁၁၊ ၁၂ ရက်နေ့တွေဟာ ၃ ဆလောက်တိုးတယ်လို့ ပြောနိုင်ပါတယ်။ လက်ရှိ တန်းစီတဲ့ ၀ယ်တဲ့အင်အားအရဆိုရင်တော့ “ ရွှေမန်းသူ အဝေးပြေးယာဉ်လိုင်း၏ ဒါရိုက်တာ ဦးအောင်ကျော်မင်းကပြောသည်။

သင်္ကြန်အခါတိုင်းတွင် အဝေးပြေးလက်မှတ် ရောင်းအားတက်သည်မှာမှန်သော်လည် ယခုနှစ်တွင် မုံရွာမြို့တွင် ပြုလုပ်မည့် ချင်းတွင်းသင်္ကြန်ကြောင့် အချိန်အနည်းငယ်စော၍ ရန်ကုန်မှ မုံရွာသို့ဆင်း လာနေကြခြင်းဖြစ်နိုင်ကြောင်း နယူးမန္တလာထွန်းကားဂိတ်မှ သိရသည်။

 “ နှစ်တိုင်းနဲ့စာရင်နည်းနည်းလေးတော့ သိသာပါတယ်။ နှစ်တိုင်းဆို ၆ ရက်နေ့လောက်ထိ နည်းနည်းလေး ခရီးသည်ပါးတယ်။ အခုဆိုရင် ဒီလ ၃ ရက်နေ့လောက်ကတည်းက ရန်ကုန်ဘက်ခြမ်းကအရမ်းခရီးသည်တွေ ပိုကျလာတာတွေ့ရတယ်။ တစ်စီးကနှစ်စီး နှစ်စီးကသုံးစီးပေါ့။ အဲဒါမျိုးလေးတွေ အနေအထားလေးတွေဖြစ်လာတယ်။ ဒီသဲသောင်ပြင် ထူးထူးခြားခြားလာလုပ်တာလေ။ စလုပ်တဲ့နှစ် ဆိုတော့ ထူးထူးခြားခြားအနေနဲ့ လာကြည့်ကြမှာဆိုတော့ ပိုပြီတိုးလာမယ်ထင်ပါတယ် “ ဟု နယူးမန္တလာထွန်း မုံရွာဂိတ်မှူး ကို ခင်မောင်ဇော်ဝင်း ကပြောသည်။

သို့သော်လည်လည်း မုံရွာမှနေ၍ ရန်ကုန်သို့ ပြန်ဆင်းသည့် ကားလက်မှတ်များမှာမူ သိသိသာသာ အဝယ်လိုက်ခြင်းမျိုးမရှိသေးကြောင်း ၄င်း ကဆိုသည်။

အခြား အဝေးပြေးယာဉ်လိုင်းအချို့တွင်လည်း ထိုနည်းတူပင် ကြိုတင် လက်မှတ်ရောင်းမည်ဟု ကြေငြာထားသည့် ရက်မတိုင်ခင် လက်မှတ်ကုန်နေသည့် ကားဂိတ်များလည်း ရှိနေကြောင်း ခရီးသည်များကပြောသည်။

“ အရေးကြီးကိစ္စရှိလို့။  မဖြစ်မနေ ဒီနေ့ သွားမှဖြစ်မယ့်ကိစ္စ အခုလိုကားလက်မှတ်မရဘူးဆိုတော့ ကျွန်တော် နည်းနည်းတော့ စိတ်ထဲမှာမကောင်းဘူးပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် အခုလိုအချိန်မှာ ကားလက်မှတ်ကိုတော့ ပြေပြေလည်လည်ဖြစ်အောင် အဆင်ပြေအောင် အစိုးရအနေနဲ့ စီစဉ်ပေးသင့်တယ်လို့ ကျွန်တော် ထင်တယ် “ ဟု  ခရီးသည်တစ်ဦးဖြစ်သည့် ကိုမြတ်မင်းကလည်း ဆိုသည်။

သင်္ကြန်တွင်း အဝေးပြေးယာဉ်လိုင်းများတွင် ကားလက်မှတ််အခက်အခဲဖြစ်ခြင်း၊ လက်မှတ်စျေးများတတ်ခြင်းမှာ နှစ်စဉ်နှစ်တိုင်းဖြစ် လေ့ဖြစ်ထရှိ သော်လည်း ယခုနှစ်တွင်မှု လက်ရှိအချိန်ထိ လက်မှတ်စျေးတက်သည့်ကားဂိတတ်များမတွေ့ရသေးကြောင်းလည်း ခရီးသည်များထံမှသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required