ပဲခူးတိုင်းဒေသကြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ် ခြင်း စောင့်ကြည့် အစီရင်ခံစာထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ် ခြင်း စောင့်ကြည့် အစီရင်ခံစာထုတ်ပြန်

ရန်ကုန် ဧပြီ ၆ ။            ။ ပဲခူးတိုင်းဒေသကြီး ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးရွေးချယ်ပွဲခြင်းလုပ်ငန်းစဉ် စောင့်ကြည့်လေ့လာမှု အစီရင်ခံစာကို အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် သင့်မြတ်သူများ၏ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့ (PoPP) က ထုတ်ပြန်လိုက်သည်။

ဧပြီ လ ၆ ရက်နေ့က ရန်ကုန်မြို့၊ Orchid ဟိုတယ်တွင် PoPP အဖွဲ့အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့၊ ပေါင်းကူး အဖွဲ့တို့က ပူးပေါင်းပြီး စောင့်ကြည့်လေ့လာခြင်းလုပ်ငန်းစဉ် ရှင်းလင်းပွဲတစ်ရပ်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းစီရင်ခံစာတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ဥပဒေသည် လေ့လာတွေ့ရှိချက်များအရ အားနည်းချက်များ ရှိနေကြောင်း အဓိကဖော်ပြထားသည်ဟု အစီရင်ခံစာထုတ်ပြန် ခဲ့သည့် PoPP အဖွဲ့၏ ပူးတွဲတည်ထောင်သူ ဦးသိန်းမင်းစိုးက မဇ္ဈိမကို ပြောသည်။

" ပြည်သူကနေ တိုက်ရိုက်ရွေးချယ်တဲ့ တိုက်ရိုက်မဲပေး ရွေးချယ်တဲ့လုပ်ငန်းစဉ်ဖြစ်ဖို့က ကျွန်တော်တို့အနေနဲ့ ဒီ ဥပဒေမူဘောင်မှာ ဒါကို အဓိက ပြည်ထောင်စုလွှတ်တော် က ဒီစနစ်ကို စနစ်ကြီးတစ်ခုလုံးကို ရွေးကောက်ပွဲစနစ် ကြီးတစ်ခုလုံးကို ပြန်လည်ပြုပြင်ရင်တော့ ပိုကောင်းမယ့် ရွေးကောက်ပွဲတစ်ခုဖြစ်မယ်လို့ ကျွန်တော် မြင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒုတိယအကြိမ်ပြင်ဆင်လိုက်တဲ့ ဥပဒေတုန်းက လူထုက ဆယ်အိမ်မှူးကိုယ်စားလှယ်ပဲ ရွေး ခဲ့ရတာကို၊ ဆယ်အိမ်မှူးက သူတို့အချင်းချင်း ပြန်ရွေး တယ်၊ အုပ်ချုပ်ရေးမှူးကို ရွေးရတယ်၊ အခုက လူထုက ကြီးကြပ်ရေးမှူးရော၊ ဆယ်အိမ်မှူး ၊ ရာအိမ်မှူး ၊ ကျေးရွာ တာဝန်ခံ အုပ်ချုပ်ရေးမှူးရော ရွေးရတယ်၊ ဒါပေမယ့် ရွေး ကောက်ပွဲလုပ်ငန်းစဉ်နဲ့ပတ်သက်လို့ အသေးစိတ် နည်းဥပဒေက မရှိတဲ့အတွက် ရွေးကောက်ပွဲလုပ်ငန်းစဉ်ကြီးက ကျယ်ပြန့်ပြီးတော့ အင်မတန်မှ ရှုပ်ထွေးတဲ့ စနစ်ကြီး ဖြစ်နေတယ်" ဟု PoPP အဖွဲ့၏ ပူးတွဲတည်ထောင်သူ ဦးသိန်းမင်းစိုးက ပြောသည်။

ထို့အပြင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးရွေးချယ်ရာတွင် ကြီး ကြပ်ရေးမှူးရွေးချယ်သည့်အခန်းကဏ္ဍသည် အရေးကြီး သော်လည်း မဲဆန္ဒရှင်များကို ပညာပေးမှုအားနည်းနေ သည့်အတွက် ကြီးကြပ်ရေးအဖွဲ့ကို လာရောက်အဆိုပြု ရွေးချယ်သည့် ပြည်သူနည်းပါးနေသည်ဟု ဆိုထားသည်။

အုပ်ချုပ်ရေးမှူးများ၏ တာဝန်သက်တမ်းကို တိတိကျ ကျပြဋ္ဌာန်းရန် လိုအပ်ချက်များ ရှိနေသလို အုပ်ချုပ်ရေးမှူး ရွေးချယ်ခံရမှုများတွင်လည်း အမျိုးသမီးများနှင့် လူတွေများ ပါဝင်မှုအလွန်နည်းပါးနေသည်ဟုလည်း အစီရင်ခံ စာမှာ ဖော်ပြထားသည်။သို့သော် ရွေးကောက်ပွဲများ တွင် နိုင်ငံရေးပါတီများနှင့် အစိုးရအဖွဲ့များ လွှမ်းမိုးမှုနည်း သည်ကို တွေ့ရကြောင်း ဦးသိန်းမင်းစိုးက ဆက်လက် ပြောပြ သည်။

" နိုင်ငံရေးပါတီတွေက ရွေးချယ်ပွဲနေ့မှာ ပါဝင်လွှမ်းမိုး နေတဲ့ဟာကို ကျွန်တော်တို့မတွေ့ရပါဘူး၊ ကျွန်တော်တို့ စောင့်ကြည့်တာကလည်း ကြီးကြပ်ရေးမှူးရွေးချယ်ပွဲနဲ့ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ၂ ခုပဲစောင့်ကြည့်တာ ဖြစ်တဲ့ အတွက် အဲဒီ ၂ ခုမှာတော့ နိုင်ငံရေးပါတီတွေ၊ အစိုးရတွေ တခြား အဖွဲ့အစည်းတွေ ပါဝင်လွှမ်းမိုးမှု အင်မတန်နည်း တယ်ဆိုတာတော့ တွေ့ရှိခဲ့ရပါတယ် " ဟု ဦးသိန်းမင်းစိုးက ပြောသည်။

အဆိုပါစီရင်ခံစာသည် ပဲခူးတိုင်းဒေသကြီး ၂၈ မြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၃၃၆ နေရာ အား ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး ၂၀၁၈ ဇန်နဝါရီ ၃၀ ရက်နေ့အထိ ကွင်းဆင်းသုတေသနပြု ၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ရပ်/ကျေး အုပ်စု ရွေးချယ်ပွဲ ကြီးကြပ်ရေးအဖွဲ့ကိုလည်း ပေးပို့သွားမည်ဟု သိရသည်။

ယင်းအစီရင်ခံစာထုတ်ပြန်ခဲ့သည့် သင့်မြတ်သူများ၏ ငြိမ်းချမ်းရေးလမ်းစဉ်အဖွဲ့ (PoPP) သည် ၂၀၁၃ ခုနှစ်က စတင် ဖွဲ့စည်းခဲ့သည့် ပဲခူးတိုင်းအခြေစိုက် အရပ်ဘက်အဖွဲ့အစည်း တစ်ခုဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required