ဘင်္ဂါလီဒုက္ခသည်များကို လက်ခံပေးလိုဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြောကြား

ဘင်္ဂါလီဒုက္ခသည်များကို လက်ခံပေးလိုဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြောကြား

 

ဧပြီ ၆ ။               ။ ဘင်္ဂါလီ (ရိုဟင်ဂျာ) ဒုက္ခသည်များကို ဖိလစ်ပိုင်က လက်ခံပေးလိုပါသည်ဆိုပြီး သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောကြားသွားသည်ဟု သိရသည်။ ဆက်လက်ပြီးလည်း မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပေါ်နေသည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆိုသွားသည်။

" အဲဒီက လူတွေအတွက် ကျွန်တော် တကယ်ပဲ သနားမိတယ်" ဆိုပြီး ဒူတာတေးက ဧပြီလ ၅ ရက်က ကျင်းပခဲ့သည့် အခမ်းအနားတစ်ခု မိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်းပြောသွားသည်။

"  ဒုက္ခသည်တွေကို လက်ခံခေါ်ထားချင်တဲ့ စိတ် ဖြစ်ပေါ်နေမိပါတယ်၊ ဘင်္ဂါလီတွေလေ၊ ဟုတ်ကဲ့၊ ကျွန်တော် ကူညီမှာပါ၊ ဒါပေမယ့် ဥရောပနဲ့တော့ ခွဲဝေယူသင့်ပါတယ်" ဆိုပြီး ၎င်းက ထပ်လောင်းပြောကြားသွားသည်။

တစ်ချိန်တည်းမှာပင်  ဝေဖန်ပြစ်တင်ခံနေရသည့် ၎င်းဦးဆောင်သည့် မူးယစ်စစ်ပွဲနှင့်ပတ်သက်၍လည်း ခုခံပြောဆိုသွားပြီး နိုင်ငံတကာအသိုင်းအဝိုင်းအပေါ် တုန့်ပြန်ပြောဆိုမှုများ ပြုလုပ်သွားခဲ့သည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံရှိ ဘင်္ဂါလီ ဒုက္ခသည်ပြဿနာကိုတောင် ကူညီရှင်းလင်းပေးနိုင်စွမ်း မရှိသေးကြောင်း ဒူတာတေးက ပြောသည်။

" ဒီ ဘင်္ဂါလီ ပြဿနာတောင်မှ သူတို့ မရှင်းပေးနိုင်သေးဘူးလေ ၊ အဲဒါက တကယ်တော့ လူမျိုးတုန်းသတ်ဖြတ်မှုပါ၊ ကျွန်တော် ဒီလိုပဲ ပြောရပါလိမ့်မယ်" ဆိုပြီး ၎င်းကပြောသည်။

ဆက်လက်၍လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာလည်း ၎င်း၏ မိတ်ဆွေတစ်ဦးဖြစ်ကြောင်း ဒူတာတေးက ရည်ညွှန်းပြောဆိုသွားခဲ့သေးသည်ဟု သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required