The Voice ကို အကျဉ်းဦးစီးဌာနမှ သတင်းမီဒီယာကောင်စီထံ တိုင်ကြားထား

The Voice ကို အကျဉ်းဦးစီးဌာနမှ သတင်းမီဒီယာကောင်စီထံ တိုင်ကြားထား
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန် ၊ ဧပြီ ၆ ။           ။ အကျဉ်းသား ၁ သောင်း လွှတ်မည်ဆိုသည့် သတင်းဖော်ပြမှုနှင့် ပတ်သက်ပြီး The Voice Daily သတင်းစာကို အကျဉ်းဦးစီးဌာနက သတင်းမီဒီယာကောင်စီထံ တိုင်ကြားထားသည်ဟု ကောင်စီ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးကျော်စွာမင်းက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"တိုင်တယ်။ The Voice ကို အဲ့သတင်းနဲ့ ပတ်သက်ပြီး တိုင်တယ်။ မတ်လ ၂၆ ရက်နေ့ ရက်စွဲနဲ့ တိုင်တာ၊ လူကိုယ်တိုင် လာပေးတာတော့ ၄ ရက်နေ့မှာ လာပေးတယ်။ ပေးတဲ့နေ့မှာပဲ ပြန်ပြီးတော့   ကောင်စီကနေ ပုံစံတကျ ပြန်တိုင်ပါဆိုပြီး အကြောင်းပြန်လိုက်တယ်။ ဒီနေ့ ၆ ရက်အထိကို ပြန်အကြောင်းပြန်တာ မရှိသေးဘူး" ဟု ဦးကျော်စွာမင်းက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ က The Voice Daily သတင်းစာ တွင် ဖော်ပြခဲ့သည့် "ယခုနှစ် ဧပြီလတွင် အကျဉ်းသားတစ်သောင်းခန့် လွတ်ငြိမ်းခွင့်ပေးရန် စီစဉ်" ဆိုသော သတင်းနှင့် ပတ်သက်ပြီး သတင်းမီဒီယာ ကောင်စီထံတွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

The Voice Daily က ရေးသားခဲ့သည့် သတင်းတွင် ဧပြီလ ၁၇ ရက်နေ့ (နှစ်ဆန်းတစ်ရက်နေ့) တွင် နိုင်ငံတော် အဆင့်မှ အကျဉ်းသားတစ်သောင်းခန့် ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စီစဉ်နေသည်ဟု ပြည်ထဲရေးဝန်ကြီး ဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦး၏ ပြောစကားကို အတည်ပြုရေးသားထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး The Voice Daily က ရေးသားခဲ့သော သတင်းသည် မှန်ကန်မှုမရှိဘဲ အကျဉ်းထောင်လုံခြံုရေး ထိခိုက်စေသည့် လှုံဆော်မှု ဖြစ်သည်ဟု အကျဉ်းဦးစီးဌာနက မတ်လ ၂၃ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း၌ အကျဉ်းထောင် ၄၆ ခုရှိပြီး ထိန်းသိမ်းထားသည့် အကျဉ်းသားဦးရေ ခုနှစ်သောင်းခန့် ရှိသည်ဟု အကျဉ်းဦးစီးဌာနက ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required