အဆိုတော် အိမ့်ချစ်၏ အချစ်ရေး DVD အခွေ စက်တင်ဘာ ၅ရက်တွင် စတင်ရောင်းချမည်

အဆိုတော် အိမ့်ချစ်၏ အချစ်ရေး DVD အခွေ စက်တင်ဘာ ၅ရက်တွင် စတင်ရောင်းချမည်

ရန်ကုန် ၊ သြဂုတ် ၂၈ ။      ။ တစ်နှစ်ခွဲကြာ အချိန်ယူ စီစဉ်ခဲ့သည့်  အဆိုတော် အိမ့်ချစ်၏ ‘အချစ်ရေး’  တစ်ကိုယ်တော် တေးအယ်ဘမ် DVD အခွေကို စက်တင်ဘာ ၅ရက်တွင် Bo Bo Music Production က  စတင် ဖြန့်ချိ သွားမည် ဖြစ်သည်။

အိမ့်ချစ်၏ အချစ်ရေး တစ်ကိုယ်တော် တေးအယ်ဘမ် DVD အခွေ ထွက်ရှိခြင်း အကြောင်း စာနယ်ဇင်း မိတ် ဆက်ပွဲကို သြဂုတ် ၂၈ရက်တွင် ရန်ကုန်မြို့ ဗိုလ်တစ်ထောင် လမ်းပေါ်ရှိ Orchid Hotel ၌ ကျင်းပ ပြုလုပ် ခဲ့ သည်။

အချစ်ရေး Audio CD နှင့် DVD အခွေတွင်  Featuring အဆိုတော်များအဖြစ် ချစ်ကောင်း ၊ စိုင်းစိုင်းခမ်းလှိုင် ၊ ဘန်နီဖြိုး ၊ ကျော်ထွဋ်ဆွေ ၊ ပြည့်ဖြိုးပိုင် ၊ Bobby Soxer တို့က ပါဝင် သီဆို ပေးထားသည်။
အဆိုတော် အိမ့်ချစ်က "Audio CD နဲ့ DVD က တစ်နှစ်ခွဲ အချိန် ဟ သွားတဲ့ အတွက် ပရိသတ် တွေကို တောင်းပန် ပါတယ်။ အခွေလေးကို လူအားကော ငွေအားကော အချိန်အားဖြင့်ရော စိုက်ထုတ်ပြီး ရိုက်ကူး ပုံဖော် ထားတယ်။ ပရိသတ်တွေလည်း သဘောကျမှာပါ"  ဟု ပြောသည်။

အချစ်ရေး DVD အခွေတွင် သရုပ်ဆောင် များစွာဖြင့် ရိုက်ကူး ထားပြီး ဒါရိုက်တာများ အဖြစ် သုံးပေါင် ၊ အောင်မြတ် ၊ မေဘရဏီ ၊ ကျော်စိုး ၊ သီဟ ၊ ရဲမင်းသူ ၊ A.R.T Entertainment ၊ သရုပ်ဆောင် ဇွဲနိုင်ဝင်း ၊ ယုန်လေး တို့က ပါဝင် ရိုက်ကူး ပေးထားသည်။

ဇာတ်လမ်း ပုံစံ ၊ မြူးဇစ် ဗီဒီယို ပုံစံမျိုး ရိုက်ကူး ထားပြီး အဆိုတော် အိမ့်ချစ် ကိုယ်တိုင် ပါဝင် သရုပ်ဆောင် ထားပြီး အဖေ ဖြစ်သူ ဦးချစ်ကောင်း ၊ မောင်ဖြစ်သူ ပြည့်ဖြိုးပိုင် တို့နှင့် ဆိုထားသည့် “တို့ရဲ့ည” သီချင်းကိုလည်း သားအဖ သုံးဦး ပါဝင် သရုပ်ဆောင် ထားသည်။

အချစ်ရေး တစ်ကိုယ်တော် တေးအယ်ဘမ် DVD အခွေ ထွက်ရှိသည့် စက်တင်ဘာ ၅ရက်တွင် လှည်းတန်း စင်တာ ၌ ညနေ ၃နာရီ မှ စတင်ကာ လက်မှတ် ရေးထိုးပြီး အခွေများ ရောင်းချ မည် ဖြစ်ပြီး MINI Concert (Free Show)ဖြင့်လည်း အဆိုတော် အိမ့်ချစ်က ပရိသတ်ကို တေးသီချင်းများဖြင့် ဖျော်ဖြေ သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly