ရှားပါးမျိုးစိတ်ဝင် တိရစ္ဆာန်တစ်ကောင်ကို သတ်ဖြတ်မှုအတွက် ဆယ်လ်မန်းခန်း ထောင်ဒဏ် ၅နှစ်ချမှတ်ခံရ

ရှားပါးမျိုးစိတ်ဝင် တိရစ္ဆာန်တစ်ကောင်ကို သတ်ဖြတ်မှုအတွက် ဆယ်လ်မန်းခန်း ထောင်ဒဏ် ၅နှစ်ချမှတ်ခံရ

 

ဂျော့ဒ်ပါး၊ အိန္ဒိယ ။         ။ ဘောလိ၀ုဒ်ရုပ်ရှင်လောက၏ စူပါစတားမင်းသားတစ်လက်ဖြစ်သော ဆယ်လ်မန်းခန်းသည် လွန်ခဲ့သော နှစ်၂၀ နီးပါးခန့်က မျိုးတုံးပျောက်ကွယ်မည့်အန္တရာယ်နှင့်ကြံုတွေ့နေရသော ရှားပါးမျိုးစိတ်ဝင် အပြေးမြန်သော တောဆိတ်တစ်မျိုးကို သတ်ဖြတ်ခဲ့မှုအတွက် တရားရုံးကသူ့အား ထောင်ဒဏ် ၅နှစ် ကြာသာပတေးနေ့က ချမှတ်ခဲ့ပြီး ရုပ်ရှင်လောကတစ်ခုလုံးနှင့် သူ၏အမာခံပရိသတ်များအား အံ့သြမှင်သက်မိစေခဲ့သည်။

ရာဂျက်စ်သန်ပြည်နယ်တရားရုံးက သူ့အားထောင်ဒဏ်ချမှတ်ခဲ့ပြီးနောက်တွင် ရဲတပ်ဖွဲ့သည် တရားရုံးရှေ့ရှိ ရုတ်ရုတ်သဲသဲဖြစ်နေသော လူအုပ်ကြီးကြားမှ ဆယ်လ်မန်းခန်းကိုခေါ်ထုတ်ကာ   ထောင်သို့တိုက်ရိုက်ခေါ်ဆောင် သွားခဲ့သည်။

ဆယ်လ်မန်းခန်း၏ ခုခံချေပရေးအဖွဲ့ကမူ အသက် ၅၂နှစ်အရွယ်ရှိ မင်းသားကြီးသည် အဆိုပြစ်ဒဏ်ကို တရားရုံးချုပ်၌ သောကြာနေ့တွင် အယူခံဝင်သွားမည်ဟု ပြောဆိုခဲ့ကြသည်။ Forbes မဂ္ဂဇင်း၏ အဆိုအရ ၂၀၁၇ ခုနှစ်တွင် ၀င်ငွေဒေါ်လာ ၃၇ သန်းရရှိခဲ့သော မင်းသားကြီးအား တရားရုံးက ဒဏ်ငွေ ဒေါ်လာ ၁၅၀ ပေး ဆောင်ရန်လည်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။

ယောင်္ကျားပီသသောဇာတ်ရုပ်များနှင့် ပရိသတ်၏အားပေးလက်ခံမှုများကို အများအပြားရရှိထားသော မင်းသားကြီး၏ပရိသတ်များသည် တရားရုံးအပြင်ဘက်၌ ရောက်ရှိနေသည့်အတွက် ရာနှင့်ချီသော ရဲတပ်ဖွဲ့ဝင် များက လုံခြံုရေးပေးခဲ့ရသည်။

အသက် ၅၂နှစ်အရွယ်ရှိ လူပျိုကြီးတစ်ဦးဖြစ်သော ဆယ်လ်မန်းခန်းသည် လွန်ခဲ့သော ၁၉၉၈ ခုနှစ်က တောလည်ခရီးစဉ်တစ်ခုတွင် ရှားပါးမျိုးစိတ်ဝင်တိရစ္ဆာန်ဖြစ်သော အပြေးမြန်တောဆိတ်တစ်ကောင်ကို သတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး ထိုစွပ်စွဲချက်များကို သူက ငြင်းဆန်လျက်ရှိသည်။

အခြားဘောလိ၀ုဒ်ကြယ်ပွင့်မင်းသားများဖြစ်ကြသော ဆိဖ်အလီခန်း၊ ဆိုနာလီဘန်ဒရီ၊ တာဘူး နှင့် နီးလမ်ကိုသာရီတို့သည် ထိုအမှုအတွက်စွပ်စွဲခံထားခဲ့ရသော်လည်း သက်သေမခိုင်လုံသည့်အတွက် တရားသေလွတ်မြောက်ခဲ့သည်။

ဆယ်လ်မန်းခန်းကမူ ရာဂျက်စ်သန်သစ်တောဌာနသည် သူ့အား အမှုဆင်နေခြင်းဖြစ်သည်ဟု ပြန်လည်စွပ်စွဲခဲ့ သည်။ ဆယ်လ်မန်းခန်း၏ ရှေ့နေများကလည်း အဆိုပါတောဆိတ်သည် သဘာဝအတိုင်းသေဆုံးခဲ့ခြင်းဖြစ်ပြီး သေနတ်နှင့်ပစ်သတ်ခံခဲ့ရသော လက္ခဏာများမရှိကြောင်း ပြန်လည်ချေပခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required