ရုရှားတွင် ကျင်းပမည့် Football for Friendship လူငယ်ဘောလုံးပြိုင်ပွဲသို့ မြန်မာ ၀င်ရောက်ယှဉ်ပြိုင်မည်

ရုရှားတွင် ကျင်းပမည့် Football for Friendship လူငယ်ဘောလုံးပြိုင်ပွဲသို့ မြန်မာ ၀င်ရောက်ယှဉ်ပြိုင်မည်

ဧပြီ ၅ ။           ။ ရုရှားနိုင်ငံတွင် ကျင်းပမည့် Football for Friendship World Championship လူငယ်ဘောလုံးပြိုင်ပွဲသို့ မြန်မာ အမျိုးသား ဘောလုံးအကယ်ဒမီမှ ကျောင်းသား တစ်ဦးဖြစ်သည့် မင်းခန့်သူ ပါ၀င်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း MFF မှ ထုတ်ပြန်ကြေညာသည်။

ရုရှားနိုင်ငံ မော်စကို မြို့တွင် ဇွန်လ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည့် အဆိုပါ ပြိုင်ပွဲတွင် အသက် ၁၂ နှစ်အရွယ် ကစားသမား (၆)ဦးစီဖြင့် ဖွဲ့စည်းထား သော အသင်းပေါင်း ၃၂ သင်းပါ၀င်ပြီး မြန်မာကစားသမား မင်းခန့်သူမှာ Gharial အသင်းတွင် နောက်ခံ ကစားသမား အဖြစ် မော်ဒိုဗာ၊ ဆာမိုအာ၊ ပါကစ္စတန်၊ စပိန်၊ ပီရူး နိုင်ငံများမှ ကစားသမားများဖြင့် အတူတကွ ပူးပေါင်း ကစားရမည်ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် ယခုနှစ်တွင် ပထမဆုံးအကြိမ် ဖိတ်ကြားခံရခြင်းဖြစ်ကာ မြန်မာ ဘောလုံး အကယ်ဒမီ များအနက် ကျောင်းစာအတော်ဆုံး ကစားသမားအား စိစစ်ရွေးချယ် စေလွှတ်ခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာမှ မင်းခန့်သူသည် F4F ဘောလုံးပွဲတော် ဆင်နွဲပြီးသည်နှင့် ခြောက်ကြိမ်မြောက် နိုင်ငံတကာ ကလေးများ ဖိုရမ် The Sixth International Football for Friendship Children’s Forum သို့ တက်ရောက်ရမည် ဖြစ်သကဲ့သို့ ရုရှားနိုင်ငံတွင် ကျင်းပမည့် ၂၀၁၈ ကမ္ဘာ့ဖလား ဖွင့်ပွဲအခမ်းအနားသို့လည်း တက်ရောက်ခွင့်ရ မည်ဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၊ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)တို့နှင့် မိတ်ဖက်အဖွဲ့အစည်း ဖြစ်သည့် Gazprom မှဦးစီးကျင်းပမည့် The Football for Friendship (F4F) အစီအစဉ်အား ၂၀၁၇ ခုနှစ်က ၆၄ နိုင်ငံ ဖြင့်သာ ကျင်းပခဲ့ပြီး ယခု ၂၀၁၈ ခုနှစ်တွင် နိုင်ငံဒေသပေါင်း ၂၁၁ ခုဖြင့် ရုရှားနိုင်ငံ မော်စကို မြို့တွင် ကျင်းပသွားမည် ဖြစ်သည်။

ဓာတ်ပုံ- MFF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly