နှင်းဆီနယ်နိမိတ်အငြိမ့်အဖွဲ့မှ ကျပ်သိန်း ၆၅ဝ အား ဒေါ်အောင်ဆန်းစုကြည်ထံလှူဒါန်း

နှင်းဆီနယ်နိမိတ်အငြိမ့်အဖွဲ့မှ ကျပ်သိန်း ၆၅ဝ အား ဒေါ်အောင်ဆန်းစုကြည်ထံလှူဒါန်း
 ဓာတ်ပုံ-နေတိုးဖေ့ဘွတ်ခ်

 

ရန်ကုန်၊ ဧပြီလ ၅ ။           ။ ရခိုင်ပြည်နယ်ပြည်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် ရရှိခဲ့သော ကျပ်သိန်း ၆၅ဝ ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ   နှင်းဆီနယ်နိမိတ်အငြိမ့်အဖွဲ့မှ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယနေ့ ဧပြီလ ၅ ရက်၊ နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)တွင် အခမ်းအနားပြုလုပ်ပြီး   နှင်းဆီနယ်နိမိတ်အငြိမ့်အဖွဲ့သားများက   ပေးအပ်လှူဒါန်းခဲ့ခြင်းဖြစ်ပြီး အလှူငွေ ပေးအပ် ပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ နေတိုးက “နှင်းဆီနယ်နိမိတ်မှ ရသော အလှူငွေများ ( သိန်း ၆၅ဝ) ကို အမေ့လက်ထိလက်ရောက် ဒီနေ့ လှူဒါန်းကြပါတယ်ခင်ဗျာ” ဟူသောစာသားနှင့် “နှင်းဆီ ပရိသတ် များအားလုံးရဲ့ကိုယ်စား ပရိသတ်များအားလုံးအမျှရ၍ သာဓုခေါ်နိုင်ကြပါစေ...ထာဝရ...နေတိုး”ဟု ၎င်း၏( Facebook) လူမှုကွန်ရက်စာမျက်နှာတွင် ဓာတ်ပုံများနှင့်တကွရေးသား ဖော်ပြထားသည်။

 ယင်းအခမ်းအနားသို့ နှင်းဆီနယ်နိမတ်အငြိမ့်၏ အဖွဲ့သားများဖြစ်သည့် ဒါရိုက်တာ မောင်မျိုးမင်း၊ သရုပ်ဆောင် နေတိုး၊ ကျော်ကျော် ဗိုလ်၊ မင်းမော်ကွန်း၊ ဖူးစုံ၊ မိုးယုစံ ၊ မေကဗျာ အပါအဝင် အနုပညာရှင်များက တက်ရောက် ကာ အလှူငွေ ပေးအပ်လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly