အခါးဓါတ်ရှိတဲ့ ကြက်ဟင်းခါးသီးရဲ့ ကျန်းမာရေးအကျိုးအာနိသင်

အခါးဓါတ်ရှိတဲ့ ကြက်ဟင်းခါးသီးရဲ့ ကျန်းမာရေးအကျိုးအာနိသင်

ရေးသားသူ Phyo Pyae Pyae
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အခါးဓါတ်ရှိတာကြောင့် တော်တော်များများကတော့ ကြက်ဟင်းခါးသီးကို မကြိုက်ကြပါဘူး။ ဒါပေမယ့် ကြက်ဟင်းခါးသီးမှာ ကျန်းမာရေး ကောင်းမွန်စေဖို့ အကျိုးအာနိသင်တွေ အများကြီး ရှိပါတယ်။ ကြက်ဟင်းခါးသီးကို ကြော်စားကြသလို ပြုတ်ပြီး တို့စရာအဖြစ် စားတာလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကြက်ဟင်းခါးသီးရဲ့  အကျိုးအာနိသင်ကတော့ ပြောင်းမသွားပါဘူး။ အခါးဓါတ်ရှိတဲ့ ကြက်ဟင်းခါးသီးက ဘာတွေ ကောင်းသလဲဆိုတာ Hello ဆရာဝန် ကနေ မျှဝေပေးလိုက်ပါတယ်။

သွေးတွင်းသကြားဓါတ်ကို ထိန်းပေးခြင်း

ကမ္ဘာတဝှမ်းမှာရှိတဲ့ လူဦးရေတော်တော်များများဟာ ဆီးချိုရောဂါ ခံစားနေရပါတယ်။ ကြက်ဟင်းခါးသီးမှာ ပါဝင်တဲ့ အင်ဆူလင်လိုမျိုး Polypeptide ဟာ ဆီးချိုရောဂါကို ထိိန်းချုပ်ပေးပါတယ်။ အဓိကအားဖြင့် သွေးတွင်းသကြားဓါတ်ကို ထိန်းပေးခြင်းပါ။ ဆီးချိုရောဂါခံစားနေရသူတွေအနေနဲ့ သွေးတွင်းသကြားဓါတ် ပမာဏကို ထိန်းညှိပေးတဲ့အနေနဲ့ ကြက်ဟင်းခါးသီး စားတာမျိုး လုပ်ပေးသင့်ပါတယ်။

ကိုလက်စထရော

ကြက်ဟင်းခါးသီး စားသုံးခြင်းဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးတဲ့အပြင် ယောင်ရမ်းတာတွေလည်း သက်သာစေပါတယ်။ နှလုံးရောဂါနဲ့ လေဖြတ်ခြင်းကိုလည်း သက်သာစေပါတယ်။

သွေးဖိအား

ကြက်ဟင်းခါးသီးမှာ ပိုတက်စီယမ် များများပါဝင်တာဟာ ခန္ဓာကိုယ်ထဲမှာ ဆိုဒီယမ် စုပ်ယူမှုကို ပိုပြီး အားကောင်းစေပါတယ်။ ဒါဟာ သွေးဖိအားကိုပါ ထိန်းညှိပေးပါတယ်။ ဒါ့အပြင် သံဓါတ်နဲ့ ဖောလစ်အက်ဆစ်လည်း ပါဝင်တာကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး လေဖြတ်ခြင်းကိုပါ သက်သာစေပါတယ်။

အသည်း

အရက်သောက်တာက အသည်းကို ထိခိုက်စေတယ်ဆိုတာ တော်တော်များများ သိထားပြီးသား ဖြစ်မှာပါ။ အသည်းမှာ အဆိပ်အတောက်တွေ မဖြစ်စေဖို့အတွက် ကြက်ဟင်းခါးသီးလေး စားပေးဖို့ လိုပါတယ်။ ကြက်ဟင်းခါးသီးမှာ အသည်းနဲ့ဆိုင်တဲ့ ပြဿနာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေနဲ့ အင်ဆူလင်ဓါတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် သည်းခြေအိတ်ကိုပါ ကောင်းမွန်စေပါတယ်။

ကယ်လိုရီ

ပိန်ချင်တဲ့သူတွေနဲ့ ကယ်လိုရီလျှော့ချဖို့ ကြိုးစားနေတယ်ဆိုရင်တော့ ကြက်ဟင်းခါးသီးလေး စားသုံးပေးပါ။ ကြက်ဟင်းခါးသီးမှာ ကယ်လိုရီ၊ အဆီနဲ့ ကာဗိုလ်ဟိုက်ဒြိုက်တွေ အများကြီး မပါဝင်ပါဘူး။ Journal BMC Complementary and Alternative Medicine ရဲ့ တင်ပြချက်မှာတော့ ကြက်ဟင်းခါးသီးကို အဝလွန်ခြင်း ကုသရာမှာ အသုံးပြုနိုင်ကြောင်း ပြောထားပါတယ်။

ကိုယ်ခံအား ကောင်းစေခြင်း

လူတစ်ဦးမှာ ကိုယ်ခံအား ကောင်းနေပြီဆိုရင် ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ဆန့်ကျင်တိုက်ခိုက်နိုင်ပါတယ်။ ဒါဆိုရင် ဖျားနာခြင်းတွေ မဖြစ်စေတော့ပါဘူး။ ကိုယ်ခံအားကောင်းစေဖို့အတွက် လိုအပ်တဲ့ ဓါတ်တိုးဆန့်ကျင်မှုတွေ ရှိမယ်ဆိုရင် ဖျားနာတာတွေ အလွယ်တကူ မဝင်ရောက်စေနိုင်တော့ပါဘူး။ ဟင်းချက်မစားဘူးဆိုရင်တောင် ဖျော်ရည်သောက်နိုင်ပါတယ်။

မျက်စိအားကောင်းခြင်း

မျက်စိအားကောင်းချင်တယ်ဆိုရင်တော့ ကြက်ဟင်းခါးသီးစားပါ။ ကြက်ဟင်းခါးသီးမှာ ဗီတာမင် အေ ပါဝင်တာက မျက်စိရဲ့ ကျန်းမာရေးနဲ့ အမြင်အာရုံကြည်လင်ဖို့အတွက် အထောက်အကူ ပြုပါတယ်။နောက်တစ်ခုကတော့ မျက်ကွင်းညိုတာတွေကို သက်သာစေနိုင်တာပါ။

ခုဆိုရင် ကြက်ဟင်းခါးသီးရဲ့ ကောင်းကျိုးတွေကို သိထားပြီးဖြစ်လို့ စားပေးဖို့ မမေ့နဲ့နော်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly