ကမန်လူမျိုးတွေရဲ့တိုင်းရင်းသားအခွင့်အရေး ဘယ်လိုကာကွယ်ပေးမလဲ

ကမန်လူမျိုးတွေရဲ့တိုင်းရင်းသားအခွင့်အရေး ဘယ်လိုကာကွယ်ပေးမလဲ
ဓါတ်ပုံ-ရန်ကုန်တိုင်းဒေသကြီး|မှော်ဘီမြို့နယ် ဘွတ်ကြီးကျေးရွာအနီးရှိ ကမန်လူမျိုးများ ယာယီနေထိုင်သည့် လိုင်းတန်းတစ်ခုကို မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်/ကောင်းမြတ်နိုင်(မောင်တော)

 

နွေဦးလေးရူးတွေ တိုးဝေ့တိုက်ခတ်နေပေမယ့် တန်ခူးလရဲ့ ရန်ကုန်နွေနေပူဒဏ်တွေကိုတော့ အေးငြိမ်ပြေပျောက်နိုင်စွမ်းမရှိပေ။ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဘွတ်ကြီးကျေးရွာအစွန် ကွင်းပြင်ကြီးတွေအနားမှာတော့ ကျိုးတိုးကျဲတဲ ဟိုနားတစ်ဆောင် ဒီနားတစ်ဆောင် အိမ်တချို့ လိုင်းတန်းတချို့ကို တွေ့ရပါတယ်။

အဲဒီကျိုးတိုးကျဲတဲ လိုင်းတန်းတစ်ဆောင်ရဲ့ညာဖက်အစွန်ဆုံးအခန်းကွပ်ပျစ်ရှေ့ ဝါးနဲ့ပြုလုပ်ထားတဲ့ ကုလားထိုင်တစ်လုံးပေါ်မှာ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးတစ်ဦး ထိုင်နေပါတယ်။သူမရဲ့ မျက်နှာကတော့ ရန်ကုန်နွေနေ ပူဒဏ်ကို အံတုနေရတဲ့အပြင် အခြားသောလောကဓံတွွေကို အံတုနေရတာလည်း ပေါ်လွင်နေလေရဲ့။

သူမကတော့ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကမန်ဒုက္ခသည်စခန်းကနေ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ဘွတ်ကြီးကျေးရွာအစွန် ကွင်းပြင်ကြီးတွေ အနားက ကမန်လူမျိုးတွေနေထိုင်နေတဲ့နေရာကို ရွှေ့ပြောင်းလာတဲ့ အသက် ၆၃ နှစ်အရွယ် ကမန်အမျိုးသမီးကြီး ဒေါ်တင်လှပဲဖြစ်ပါတယ်။၂၀၁၂ ပဋိပက္ခတုန်းက ရမ်းဗြဲမြို့ ပေါ်ရှိ သူမတို့မိသားစုပိုင် အိမ်ကြီးရခိုင် ဖျက်စီးခံရပြီးနောက် ဒုက္ခသည် စခန်းမှာနေ၊ ပြီးတော့ အခုတော့ သူမ ရန်ကုန်ကို ရောက်လာခဲ့ပါတယ်။

"ဟိုးအရင်ကတည်းက အေးအေးချမ်းချမ်း ချစ်ချစ်ခင်ခင်နေလာခဲ့ကြပေမယ့် ပဋိပက္ခတွေဖြစ်တော့ အစိုးရက ဒုက္ခသည်စခန်းကိုပဲ ပို့ပေးခဲ့တယ်။အစစ အရာရာ ဘာတစ်ခုမှ အဆင်မပြေပါဘူး။ဒါပေမယ့် ခက်ခက်ခဲခဲနဲ့ ၅ နှစ်ကျော်ကြာနေခဲ့ရ ပါတယ်" လို့ သူမက ဒုက္ခသည်စခန်းမှာ နေခဲ့ရပုံတွေကို ပြောပြပါတယ်။

အဲဒီ၂၀၁၂ ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်တစ်ခုလုံးမှာ ရခိုင်တိုင်းရင်းသားတွေအပါအဝင် သေဆုံးသူ ၁၉၂ ဦး၊ဒဏ်ရာရသူ ၂၆၅ ဦး၊ နေအိမ်ပေါင်း ၈,၆၀၀ ကျော်ဖျက်ဆီးခံခဲ့ရပြီးတော့ လူပေါင်း တစ်သိန်းခန့် အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ကြရတယ်လို့ ရခိုင်ပြည်နယ်ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ၂၀၁၃ ခုနှစ် ဧပြီလထုတ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမန်လူမျိုးအရေးကိစ္စ လွှတ်တော်မှာဆွေးနွေး

-------------------------------

ဒေါ်တင်လှကတော့ ၂၀၁၇ အောက်တိုဘာလမှသာ ရန်ကုန်တိုင်းဒေသကြီး|မှော်ဘီမြို့နယ် ဘွတ်ကြီးကျေးရွာအစွန်နားမှာနေ့တဲ့ သူမသမီးငယ်ဆီသို့ ရွှေ့ပြောင်းလာခဲ့တာလို့ သူမက ဆိုပါတယ်။အဲဒီမတိုင်မီ ရမ်းဗြဲဒုက္ခသည်စခန်း

ကနေ ရန်ကုန်သို့ ရွှေ့ပြောင်းကြချိန်မှာတော့ သံတွဲသို့ ရွှေ့ပြောင်းနေထိုင်ခဲ့တာ လို့လည်း သူမက ရှင်းပြပါတယ်။

ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အကြံပြုချက်အရ ကျောက်ဖြူ၊ ပေါက်တောနှင့် ရမ်းဗြဲ မြို့နယ်ရှိ ဒုက္ခသည်စခန်း သုံးခုကို ပိတ်သိမ်းပြီး ကမန်လူမျိုး အိမ်ထောင်စု ၅၅ စုကို ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခွင့်ပြုခဲ့ကြောင်း ဇူလိုင်လ ၁ ရက်ကနိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

“ရန်ကုန်ကို နေထိုင်ခွင့် ပြုလိုက်တာ ခိုးဝင်ဘင်္ဂါလီတွေ မဟုတ်ဘူး။ ကမန်တိုင်းရင်းသားတွေ ဖြစ်တယ်။ သူတို့က အစ္စလာမ်ဘာသာ ကိုးကွယ်တာ။ သူတို့ကို ရန်ကုန်မှာနေဖို့ နေရာပေးတာ မဟုတ်ဘူး။ သွားလာခွင့်ပြုလိုက်တာ ဖြစ်တယ်။”လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က ဆိုပါတယ်။

ယင်းကဲ့သို့ ပြောင်းရွှေ့ခြင်းသည်  ပြဿနာတစ်ရပ်ကို ဖိတ်ခေါ်သလိုဖြစ်နေတာ ကြောင့် အစိုးရအနေနှင့်ပြန်လည်သုံးသပ်ပေးရန်အဆို ကို ၂၀၁၈ ခုနှစ် မတ်လ ၅ ရက်နေ့က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)ရဲ့ မင်းကင်းအမတ် ဦးမောင်မြင့်မှ ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပါတယ်။

"တစ်ကယ်တော့ ရခိ်ုင်ပြည်နယ်မှာဖြစ်တဲ့ကိစ္စကို ရခိုင်ပြည်နယ်မှာပဲ ရှင်းလို့ရပါ တယ်။ ဒီလောက်လူအင်အားကို နေရာချဖို့ကတော့ ရခိုင်ပြည်နယ်မှာ နေရာတွေ အများကြီးရှိပါတယ်။ ရခိုင်ပြည်နယ်မှာ နေရာတွေအများကြီးရှိလျက်နဲ့ရန်ကုန်ကို ရွှေ့ပြောင်းဖို့ စီမံစိုင်းပြင်းတာဟာ ကျွန်တော်တို့ ဦးနှောက်နဲ့တော့ လိုက်လို့မမီနိုင်ပါ ဘူး။ရခိုင်ပြည်နယ်ဖြစ်တဲ့ ကင်ဆာရောဂါကို ရခိုင်ပြည်နယ်မှာပဲ ကုသတာက သဘာဝကျပါတယ်။ ဒီလိုမဟုတ်ပဲ ကင်ဆာဆဲလ်တွေကို စီးပွားရေးဗဟိုချက်ဖြစ်တဲ့ ရန်ကုန်ကိုပို့ပေးတာဟာ ကင်ဆာရောဂါကို တစ်နိုင်ငံလုံး ကူးစက်အောင် လုပ်နေ တာနဲ့ အတူတူပဲဖြစ်ပါတယ်။" လို့ ဦးမောင်မြင့်က ဆိုပါတယ်။

အဲဒီအဆိုကို မတ်လ ၁၄ ရက်က ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာမှာ မဲပေးခွင့်ရှိသူ ၃၉၅ မဲ ထောက်ခံမဲ ၁၃၆ မဲ၊ ကန့်ကွက်မဲ ၂၃၆ မဲ နဲ့ ကြားနေမဲ ၈ မဲရရှိပြီး ကန့်ကွက်သူ များတာကြောင့် အဆိုကို မှတ်တမ်းအဖြစ်သာထားရှိရန် လွှတ်တော်က ဆုံးဖြတ်ခဲ့ ပါတယ်။

ယင်းကဲ့သို့ ကန့်ကွက်ပြောဆိုရာတွင် ကင်ဆာဆဲလ် ဟု သုံးနှုန်းခြင်းနှင့် ပတ်သက်ပြီးင်းသည် တိုင်းရင်းသားမျိုးနွယ်စု တစ်ခု၏ ဂုဏ်သိက္ခာနှင့် တိုင်းရင်းသားအချင်းချင်း ယုံကြည်မှုကိုပါ ထိခိုက်နိုင်သည့်အတွက် ကမန်အမျိုးသား တိုးတက်ရေးပါတီမှ ပြင်းထန်စွာကန့်ကွက်ကြောင်း မတ်လ ၁၂ ရက်နေ့က သဘောထားတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီအဆိုကို လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က"၂၀၁၂ ခုနှစ်ရခိုင်ပဋိပက္ခအပြီးတွင် ကမန် တိုင်းရင်းသား အိမ်ထောင်စု ၄၁ စု၊ လူဦးရေ ၁၀၃ ဦးသည် ၎င်းတို့ဆွေမျိုးများ ရှိသောကြောင်းလည်းကောင်း၊ ၎င်းတို့ဆန္ဒအရလည်းကောင်း၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရ နိုင်ငံသား လက်မှတ်ကိုင်ဆောင်ထားသူများဖြစ်ခြင်းကြောင့်  လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၅၅ အရ နိုင်ငံသားတိုင်းသည် နိုင်ငံ၏မည်သည့်နေရာဒေသတွင်မဆို ဥပဒေနှင့်အညီ ခြေချနေထိုင်ခွင့်ရှိသည် ဟူသော အချက်များနှင့်ကိုက်ညီသောကြောင့် ပြောင်းရွှေ့စေခဲ့ခြင်းဖြစ်သည်။" လို့  မတ်လ ၁၄ ရက်နေ့  ပြည်သူ့လွှတ်တော်မှာ လာရောက်ရှင်းလင်းပြောခဲ့ပါတယ်။

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၅ မှာ "နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်" လို့  ပြဌာန်းထားပါတယ်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့ထုတ်အပြီးသတ်အစီရင်ခံစာထဲ မှာ "ရမ်ဗြဲမြို့ရှိ ကမန် IDP များအား သူတို့၏ မူလနေရာများတွင် ပြန်လည်နေရာ ချထားပေးရန် အကြံပြုခဲ့သော်လည်း အစိုးရအနေဖြင့် ကမန် IDP များအား ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ပြောင်းရွှေ့နေရာချထားမှုကို ဆောင်ရွက်ပေးခဲ့ပါသည်။ IDPစခန်းပိတ်သိမ်းလိုက်ခြင်းသည် အပြုသဘောဆောင်သည့် လုပ်ရပ်တစ်ခုဖြစ်သော်လည်း ထိုကဲ့သို့ဆောင်ရွက်မှုပုံစံအား တခြားကျန်ရှိသည့် IDP စခန်းများပိတ်သိမ်းရန်ဆောင်ရွက်ရာတွင် နမူနာအဖြစ် မသုံးသင့်ပါ။လက်ရှိအခြေအနေတွင် အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်စား အခြေခံထာ၍ ဖော်ထုတ်ထားသည့် မဟာဗျူ ဟာတစ်ရပ်လည်း အရေးပေါ်လိုအပ်နေပါသည်။ထိုပြင် သက်ဆိုင်ရာလူ့အဖွဲ့အစည်းများနှင့် ကျယ်ပြန့်စွာတိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ရန်လည်း လိုအပ်နေပါသည်။" လို့ အကြံပြု ဖော်ပြထားပါတယ်။ 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက "IDP စခန်းဟာ ရခိုင်ပြည်နယ်အတွင်းမှာ စစ်တွေမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ် နှစ်နေရာမှာပဲ ကျန်ပါတယ်၊ ဒီနှစ်နေရာမှာ စစ်တွေခရိုင်ထဲမှာရှိတဲ့ မြေပုံတောင်ပေါ်IDP စခန်းကို ရွှေ့ပြောင်းဖို့အတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်၊IDP စခန်းတွေကိုဖျက်သိမ်း တဲ့အခါမှာ မူလနေရာမှာ ပြန်လည်နေရာချထားဖို့ဆိုတဲ့အချက်က အဓိကအရေးကြီး တာဖြစ်တဲ့အတွက် ဒီအချက်ကိုရရှိဖို့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေရ တာတွေရှိပါတယ်၊ ဒါကြောင့် အချိန်ယူပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်၊ ဒီနှစ်မှာ ကျောက်ဖြူIDP စခန်းကို မူလနေရာမှာ ပြန်လည်နေရာချထားဖို့အတွက် ကျွန်တော်တို့အနေနဲ့ မြေပြင်မှာညှိနှိုင်းလျက်ရှိကြောင်း တင်ပြအပ်ပါတယ်''လို့ မတ်လ ၁၄ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ်အရေး သတင်းစာရှင်းလင်းပွဲမှာ  ရှင်းပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းရှိ ဒုက္ခသည်စခန်း (IDP)အရေးနှင့်ပတ်သက်ပြီး  "အသက်မွေးဝမ်းကျောင်း သင်တန်းများဖွင့်လှစ်ပေးခြင်း။ဝင်ငွေရရှိနိုင်သည့်လုပ်ငန်း စဉ်များ IDP စခန်းအတွင်း ဖန်တီးပေးခြင်းနှင့် IDP စခန်းပြင်ပတွင်အလုပ်အကိုင် ရရှိအောင် စီစဉ်ဆောင်ရွက်ပေးခြင်းဖြင့် အမျိုးသားနှင့်အမျိုးသမီး IDP များ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်အောင်ဆောင်ရွက်ပေးရမည်။ ထိုသို့ဆောင်ရွက်ပေးမှုကြောင့် IDP များအနေဖြင့် နိုင်ငံတကာ အကူအညီအပေါ် မှီခိုရမှုများ လျော့ကျလာမည်   ဖြစ်ပါသည်။ "ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင် ရဲ့ အပြီးသတ်အစီရင်ခံစာမှာ အကြံပြုထားပါတယ်။

မတူကွဲပြားခြင်းကို လက်ခံခြင်း 

------------------------

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်မှုနဲ့အတူပါလာတဲ့ ပဋိပက္ခတွေကြားထဲမှာ လူနည်းစုတိုင်းရင်းသားတွေဟာ မွေးရာပါနိုင်ငံသားအခွင့်အရေးတွေလည်း ဆုံးရှုံးနေခဲ့ကြရပါတယ်။ရခိုင်ပြည်နယ်ထဲက လူနည်းစုတစ်ခုဖြစ်တဲ့ အစ္စလာမ်ဘာသာဝင် ကမန်လူမျိုးတွေဟာလည်း ၂၀၁၂ ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနောက်ပိုင်း တိုင်းရင်းသားအခွင့်အရေးတွေ ဆုံးရှံုးနေခဲ့ကြရပါတယ်လို့ သူတို့က ဆိုပါတယ်။

ရခိုင်ဘုရင်တွေလက်ထက်ကတည်းက ရခိုင်ပြည်နယ်ထဲမှာ နေထိုင်လာခဲ့ကြတဲ့ အစ္စလာမ်ဘာသာဝင် ကမန်လူမျိုးတွေဟာ မြန်မာအစိုးရကတရားဝင်သတ်မှတ် ်ထားတဲ့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာပါဝင်ပြီး  ရခိုင့်ဘုရင့်တပ်မတော်က "လေးသည်တော်တပ်"မှာ တာဝန်ယူထမ်းဆောင်ခဲ့တာကို အစွဲပြု ပြီး "ကမန်" လို့ခေါ်တွင်လာခဲ့တာဆိုပြီး ရခိုင်ရာဇဝင်သစ်ကျမ်းမှာ ဖော်ပြထားပါတယ်။

ကမန်လူမျိုးတွေဟာ အစ္စလာမ်ဘာသာကို ကိုးကွယ်ကြပေမယ့် ရခိုင်စကားကိုသာ ပြောဆိုကြသလို တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးကြပြီး ရခိုင်လူမျိုးတွေနဲ့ ရိုးရာယဉ်ကျေးမှု ဝတ်စားဆင်ယင်ပုံတွေတူညီကြကာ သင်္ကြန်ပွဲတော်အပါအဝင် တခြားရိုးရာပွဲတော်တွေကိုလည်း ကျင်းပပြုလုပ်ကြတယ်လို့ ဦးလှထွန်းဖြူ ရေးတဲ့ ရခိုင်ပြည်နယ်မှ တိုင်းရင်းသားလူမျိုးစုများစာအုပ်မှာ ဖော်ပြထားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ နိုင်ငံသား|နိုင်ငံသားများ၏မူလအခွင့်အရေး နှင့်တာဝန်များ အပိုဒ် ၃၆၂ မှာ "နိုင်ငံတော်သည် ခရစ်ယာန်ဘာသာသာသနာ အစ္စလာမ်ဘာသာသာသနာ ဟိန္ဒူ ဘာသာသာသနာနှင့်နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်။" ဟုဖော်ပြထားပြီး အပိုဒ် ၃၆၃ တွင်မူ  " နိုင်ငံတော်သည် အသိအမှတ်ပြုထား သော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။ " လို့ ရေးသားဖော်ပြထားပါတယ်။

ပဋိပက္ခကြားက မြေဇာပင်များ

--------------------

ရခိုင်ပြည်နယ်ထဲက ကမန်လူမျိုးတွေဟာ ၂၀၁၂ ပဋိပက္ခနောက်ပိုင်း ခရီးသွားလာ ခွင့် ပညာသင်ကြားခွင့် စီးပွားရေးလုပ်ကိုင်ခွင့်တွေအပါအဝင် လူ့အခွင့်အရေး နိုင်ငံသားအခွင့်အရေးတွေလည်း ဆုံးရှုံးနေခဲ့ရတယ်လို့ ကမန်လူမျိုးတွေက ဆိုပါတယ်။

" ၂၀၁၂ ပြဿ နာဖြစ်ပြီးနောက် စစ်တွေတက္ကသိုလ်မှာ ဥပဒေနောက်ဆုံးနှစ် အဝေးသင်ဖြေဖို့သွားတော့ နိုင်ငံသားစီစစ်ရေးကဒ်မှာ ကမန်လို့ ရေးထားတော့ သင်္ဘောနဲ့မလိုက်ရဘူး။အဲဒီကတည်းက တက္ကသိုလ်ဆက်မတက်ရတော့ဘူး။ခုတော့ အိမ်ထောင်ကျသွာပါပြီး။ကမန်လူမျုုိးဖြစ်လို့ ကန့်သတ်ခံရတာတွေပါ။အစိုးရကလည်း ခုထိဘာမှ လုပ်မပေးပါဘူး။" လို့ ဒေါ်တင်လှက သူမသမီးရဲ့ ပညာရေးဆုံးရှံု့နစ်နာခဲ့မှုတွေကို ပြောပြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ နိုင်ငံသား|နိုင်ငံသားများ၏မူလအခွင့်အရေး နှင့်တာဝန်များ အပိုဒ်  ၃၆၆ မှာ "နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကချမှတ်ထား သော ပညာရေးဆိုင်ရာမူဝါဒများနှင့်အညီ- (က)ပညာသင်ကြားခွင့်ရှိသည်။" လို့ ဖော်ပြထားပါတယ်။

၂၀၁၂ ခုုနှစ် ရခုုိင်ပြည်နယ်ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့အချိန်မှ ယန့အထိ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် သင်္ဂနက်ကျေးရွာ၊ သက္ကေပြင်(ရွာမ)ကျေးရွာ၊သာယာကုန်းကျေးရွာတွေက ကမန်လူမျိုး အလယ်တန်းကျောင်းသား၊ကျောင်းသူ ၂၀၀ ကျော်ဟာ အစိုုးရကျောင်းတွေမှာ ပညာသင်ကြားခွင့် ငြင်းပယ်ခံနေရတယ််လို့လည်း ကမန်တိုင်းရင်းသားလူမှုကွန်ရက် ဒုတိယဥက္ကဌ ဦးမင်းနိုင်က ဆိုပါတယ်။

ဒီအပြင် ၂၀၁၈ ခုနှစ် မတ်လ ရ ရက်နေ့က စတင်စစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်ရှိသူ ကျောင်းသားကျောင်းသူစာရင်းတွေကို 

စာစစ်ဦးစီးဌာနက ထုတ်ပြန်ခဲ့ရာမှာ ရခိုင်ပြည်နယ်အတွင်းရှိ ကမန်လူမျိုး ကျောင်းသားကျောင်းသူတွေ ရဲ့ လူမျိုးအမည်ကို ဘင်္ဂါလီလို့ ဖေါ်ပြပါရှိလာခဲ့ပါတယ်။

အဲဒီလိုဖော်ပြမှုအပေါ် ဖြေရှင်းပေးဖို့ ကမန်တိုင်းရင်းသားလူမှုကွန်ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဆီသို့ လိပ်မူပြီး စာရေးသား ပေးပို့ တောင်းဆိုခဲ့ကြရပါတယ်။

ကမန်လူမျိုးတွေဟာ ရခိုင်ပြည်နယ်အတွင်း စစ်တွေ၊မောင်တော၊ကျောက်ဖြူ ၊ရမ်းဗြဲ၊သံတွဲ၊ မြေပုံမြို့နယ်တွေမှာ နေထိုင်ကြပြီး ရခိုင်ပြည်နယ်အစိုရအဖွဲ့ရဲ့ ၂၀၁၇၊ ဇူလိုင်လစာရင်းအရ ရခိုင်ပြည်နယ်မှာ ကမန်လူမျိုး ၁၄၃၅၉ ဦးသာရှိတယ်လို့ သိရပါ တယ်။

 နေထိုင်ခွင့်နဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်း 

--------------------------------

အစ္စလမ်ဘာသာဝင် ကမန်လူမျိုးတွေဟာ ၂၀၁၂ ခုနှစ် ရခိုင်ပဋိပက္ခအတွင်း ဘင်္ဂလီအရေးလှုပ်ရှားကြသူတွေ(နိုင်ငံတကာအခေါ် ရိုဟင်ဂျာ)နဲ့ ဗုဒ္ဓဘာသာဝင် ဒေသခံတွေကြားမှာ သူတို့ရဲ့ မူလရပိုင်ခွင့်တွေ တိုင်းရင်းသားအခွင့်အရေးတွေ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးနေခဲ့ကြရတယ်လို့လည်း  ကမန်လူမျိုးတွေက ဆိုပါတယ်။

"ကျွန်တော်တို့နေတဲ့ ရမ်းဗြဲမြို့ပေါ်မှာ ဘင်္ဂလီတွေ တစ်ယောက်မှ မရှိပါဘူး။ဒါပေမယ့် ကျွန်တော်တို့ ကမန်တွေဟာ အစ္စလာမ်ဘာသာကို ကိုးကွယ်တာကြောင့် အိမ်တွေ မီးတိုက်ခံရပါတယ်။ကျွန်တော်တို့ ဆန္ဒမပါဘဲ အတင်းအဓမ္မ ဒုက္ခသည်စခန်းတွေကို အပို့ခံခဲ့ရပါတယ်။ကျွန်တော်တို့ရဲ့ နိုင်ငံသားအခွင့်အရေး တိုင်းရင်းသားအခွင့်အရေးတွေ ဆုံးရှံုးနေပါတယ်" လို့ ရမ်းဗြဲမြို့ဇာတိ ကမန်လူမျိုး ကိုတင်သိန်းက ဆိုပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရှိ ကမန်လူမျိုးအများစုဟာ ရေလုပ်ငန်းကိုလုပ်ကိုင်ကြပြီး ဈေးရောင်းချသူ၊ ကုန်ရောင်းကုန်ဝယ်ပြုသူ အနည်းငယ်နဲ့ လယ်ယာလုပ်ကိုင်သူ အနည်းငယ်သာရှိတာကြောင့် ကမန်လူမျိုး တွေ ငါးဖမ်းထွက်ခွင့်တားမြစ်ခံထားရတဲ့အတွက် သူတို့မိသားစုတွေရဲ့ လူမှုဘဝ စီးပွားရေးကို ထိခိုက်နေခဲ့တာတွေလည်းရှိတယ်လို့ ကမန်လူမျိုးတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့က ကမန်လူမျိုးဒုက္ခသည်တွေကို အစိုးရက ရန်ကုန်မြို့သို့  ပြောင်းရွှေ့နေထိုင်ခွင့်ပေးလိုက်ပေမယ့် အစိုးရဖက်က နေအိမ်တွေ လုပ်ကိုင် စာသောက်ဖို့ အလုပ်အကိုင်တွေ တစ်ခုမှကူညီဖန်တီးဆောင်ရွက်ပေးတာ မရှိတာမို့ ရွှေ့ပြောင်းလာတဲ့ ကမန်မိသားစုတွေရဲ့ နေထိုင်စားသောက်ရေးတွေ လက်ရှိမှာ  အခက်အခဲကြံုနေခဲ့ရတယ်လို့ ကမန်လူမျိုးတွေက ဆိုပါတယ်။

ရမ်းဗြဲမြို့နယ်မှ ရွှေ့ပြောင်းလာသူကိုတင်သိန်းက "ရမ်းဗြဲမှာ နေတုန်းကတော့ ကိုယ့်အိမ်ကိုယ့်ရာ ကိုယ့်ဇာတိဆိုတော့ အကုန်လုံးစီးပွားရေးလုပ်ငန်းတွေနဲ့မိုးကျ ရွှေကိုယ်ပါ။ဒီမှာတော့ ဘာတစ်ခုမှ အဆင်မပြေပါဘူး။ပြောရမယ်ဆိုရင် ကျွန်တော်တို့နေအိမ်တွေ မီးရှံု့ခံလိုက်ရတာ မဟုတ်ပါဘူး။ကျွန်တော်တို့ ကမန်လူမျိုး တွေရဲ့ အနာဂတ်ဘဝတွေ ဖျက်ဆီးခံလိုက်ရတာပါ" လို့ ခုနှစ်ခန်တွဲလိုင်းခန်းရဲ့ ဝါးအခင်းကွပ်ပျစ်ပေါ်ကနေ ဒေါသသံပါပါနဲ့ ဆိုပါတယ်။

"နိုင်ငံတော်သည် နိုင်ငံသားများ၏ တရားဝင်ရရှိပိုင်ဆိုင်ထားသော ရွှေ့ပြောင်း နိုင်သောပစ္စည်း မရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့်စပ်လျဉ်း၍ ဥပဒေအရ ကာကွယ်ပေးရမည်" လို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ နိုင်ငံသား|နိုင်ငံသားများ၏မူလအခွင့်အရေး နှင့်တာဝန်များ အပိုဒ်  ၃၅၆ မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ ရခိုင်အမျိုးသားပါတီရဲ့ ပြည်နယ်လွှတ်တော်အမတ် ဦးသန်းမောင်ဦးက " ဒါက ဒေသလုံခြံုရေး|ဒေသငြိမ်းချမ်းရေးအတွက် ပဋိပက္ခ ဖြစ်လာတဲ့အခါမှာ အခက်အခဲရှိလို့လေ။သူတို့ ဒီနေရာမှာ ဆက်ရှိနေရင် ပဋိပက္ခ ဆက်ဖြစ်လာနိုင်မယ့်သဘောမျိုးနဲ့ ပြည်ထောင်စုအစိုးရက ကမကထလုပ်ပြီး ပြည်နယ်အစိုးက လုပ်ဆောင်ကြတာ ထင်တာပဲ။သူတို့ကိုတော့ အတင်းအဓမ္မ စေလွှတ်တာတော့ မဟုတ်လောက်ပါဘူး" လို့ ရမ်းဗြဲမြို့နယ်မှ ကမန်ဒုက္ခသည် များအား ရန်ကုန်သို့ ရွှေ့ပြောင်းရေးနှင့်ပတ်သက်ပြီး သူရဲ့ သဘောထား အမြင်ကို ရှင်းပြပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လဆန်းပိုင်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူ|လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတို့ကို အကြောင်းကြားခဲ့ဖူးသလို ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနဲ့ တွေ့ဆုံခဲ့ရာမှာလည်း သူတို့ကိုအကူအညီပေးဖို့ တင်ပြတောင်းဆိုခဲ့တယ်လို့ ကမန်လူမျိုးတာဝန်ရှိသူတွေက ဆိုပါတယ်။

တိုင်းရင်းသားအခွင့်အရေး

------------------

ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း(Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD)ကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌတာဝန်ယူ ဆောင်ရွက်နေပါတယ်။

အဲဒီ UEHRDဟာ ရခိုင်ပြည်နယ်အတွင်း (၁) လူသားချင်းစာနာထောက်ထားမှု ှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနှင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေး။(၂)  ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး။(၃) ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေးစတဲ့ အဓိကလုပ်ငန်းစဉ်ကြီး ၃ ခုကို အကောင်အထည်ဖော်လုပ်ဆောင်နေတယ်လို့ အစိုးရက ထုတ်ပြန်ထား ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "လက်ရှိနိုင်ငံတော်တွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ ဖွဲ့စည်းခန့်အပ် တာဝန် ပေးထားပြီးဖြစ်ပါသည်။ တိုင်းရင်းသားအရေး၊တိုင်းရင်းသား ဒေသများဖွံ့ဖြိုးရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမှသာ လက်တွေ့တိုးတက်မှု သာဓက များနှင့်အမျိုးသားပြန်လည်သင့်မြတ်ပြီး ပြည်ထောင်စုညီညွတ်ရေးကို တည်ဆောက်နိုင်မည်ဖြစ်ပါသည်။" လို့  ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က နေပြည်တော်မှာကျင်းပခဲ့တဲ့ တိုင်းရင်းသားလူမျိုးများစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်သို့ ပေးပို့ခဲ့တဲ့သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ရခိုင်မျိုးနွယ်စုဝင်ဖြစ်တဲ့ ကမန်တိုင်းရင်းသားတွေအတွက် သူတို့ဆုံးရှံုးနစ်နာမှုတွေ၊ သူတို့ရဲ့တိုင်းရင်းသားအခွင့်အရေးတွေအတွက် လွှတ်တော်မှ အဆိုတင် တောင်းဆိုပေးပါလို့ ရမ်းဗြဲအမတ်တွေကို ကမန်တွေဖက်က တောင်းဆိုလာခဲ့ တာတွေ တစ်ခုမှမရှိသေးဘူးလို့လည်း ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်မှ ရခိုင်အမျိုးသားပါတီရဲ့ ပြည်နယ်လွှတ်တော်အမတ် ဦးသန်းမောင်ဦးက ဆိုပါတယ်။

"သူတို့က တောင်းဆိုလာတာတော့ မရှိပါဘူး။ပြည်သူ့လွှတ်တော်မှာတင်ခဲ့တဲ့ အဆိုနှင့်ပတ်သက်လို့လည်း တစ်စုံတစ်ရာ မှတ်ချက်မပေးလိုပါဘူး" လို့ မတ်လ ၅ ရက်နေ့က ပြည်သူလွှတ်တော်မှာ မင်းကင်းအမတ်တင်သွင်းခဲ့တဲ့ ကမန်လူမျိုးတွေနှင့်ပတ်သက်တဲ့အဆိုအပေါ် သူက ဆက်ပြောပါတယ်။ 

တိုင်းရင်းသားအရေးကို ဦးစာပေးဆောင်ရွက်ဖို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး တွေကို ခန့်အပ်တာဝန်ပေးထားပေမယ့် ရခိုင်မျိုးနွယ်စုဝင် ကမန်တိုင်းရင်းသားတွေ အရေးအတွက် ရခိုင်တိုင်းရင်းသားလူမျိုးရေးဝန်ကြီးဌာနအပါအဝင် ပြည်ထောင်စု တိုင်းရင်သားလူမျိုးရေးရာဝန်ကြီးဌာနကလည်း အသိအမှတ်ပြု အရေးယူဆောင် ရွက်ပေးတာတွေ မရှိသေးဘူးလို့ ကမန်လူမျိုးတစ်ချို့က ဝေဖန်ပြောဆိုပါတယ်။

"နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ဇာတိ၊ကိုးကွယ်ရာဘာသာ၊ရာထူးဌာနန္တရ၊အဆင့်အတန်း၊ယဉ်ကျေးမှု၊အမျိုးသား၊အမျိုးသမီး၊ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရ" လို့ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ နိုင်ငံသား၊နိုင်ငံသားများ၏မူလအခွင့်အရေး နှင့်တာဝန်များ အပိုဒ်  ၃၄၉ မှာ ဖော်ပြထားပါတယ်။

 

ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့အပြီးသတ် အစီရင်ခံစာထဲမှာ ဒုက္ခသည်(IDP)မျာအား ပြန်လည်နေရာချထားရေးနှင့်ပတ်သက်ပြီး "IDP များအနေဖြင့် နေရာအသစ်တစ်ခုကို ပြောင်းရွှေ့နေထိုင်ရန်အတွက် ရွေးချယ်ခြင်းသည် ၄င်းတို့မူလနေထိုင်ရာဒေသများ၌ လုံခြံုစွာနှင့်ဂုဏ်သိက္ခာရှိစွာ နေထိုင်ခွင့်ကို စွန့်လွှတ်ခြင်းဖြစ်သည်ဟု မသတ်မှတ်သင့်ပါ။ ၎င်းတို့အနေဖြင့်၎င်းတိို့ု့၏ ယခင်မူလ နေထိုင်ရာဒေသသို့ ပြန်လည်ပြောင်ရွှေ့နေထိုင်ရန် အခြေအနေပေးသည့်အခါ ပြန်လည်ပြောင်းရွှေ့နေထိုင်ခွင့်ရှိရပါမည်။" လို့ အကြံပြုထားပါတယ်။

 

" အန်တီတို့ရဲ့ မွေးရပ်ဇာတိရမ်းဗြဲမြို့မှာ အစိုးရက ပြန်လည်နေရာချထားပေမယ် ဆိုရင်တောင် ပြန်သွားဖို့ သိပ်မသေချာပါ။နေအိမ်တွေ ဆောင်ပေးမယ် အလုပ်အကိုင်တွေ ဖန်တီးပေမယ်ဆိုရင်တောင် လုံခြံုရေးအခြေအနေက ဘာလောက်ထိ စိတ်ချရလို့လဲ။အဲဒီမှာ အန်တီတို့က လူနည်းစုလေ။အန်တီက အသက်လည်းကြီးပြီလေ။မိဘဘိုးဘွားတွေ ခေါင်းချခဲ့တဲ့နေရာမှာ ပြန်နေချင်တာ ပေါ့။ဒါပေမယ့် ဘဝပေးအခြေအနေက ဒီလိုပဲ ဖန်လာတော့ ---။ " လို့ အသက် ၆၃ နှစ်ရွယ် ကမန်အမျိုးကြီးဒေါ်တင်လှက သက်ပြင်းတစ်ချက်ချရင်း လေပူတွေကို မှုတ်ထုတ်ရင်းက ဆိုပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly