နိုင်ငံရေးတင်းမာမှုက စီအက်စ်ကေအေနှင့်ပွဲအပေါ် သက်ရောက်မှုမရှိစေရန် ဝင်းဂါးမျှော်လင့်

နိုင်ငံရေးတင်းမာမှုက စီအက်စ်ကေအေနှင့်ပွဲအပေါ် သက်ရောက်မှုမရှိစေရန် ဝင်းဂါးမျှော်လင့်

ဧပြီ ၅၊ လန်ဒန်။           ။ ဗြိတိန်နှင့် ရုရှအကြားနိုင်ငံရေးအခြေအနေတင်းမာနေမှုက အာဆင်နယ်အသင်း၏ ယူရိုပါလိဂ်ပွဲဖြစ်သော စီအက်စ်ကေအေ မော်စကိုနှင့်ပွဲအပေါ် သက်ရောက်မှုမရှိစေရန် မျှော်လင့်သည်ဟု အာစင်ဝင်းဂါးကပြောဆိုခဲ့ပြီး မည်သူမှကြိုမသိနိုင်ဟုလည်း ဝန်ခံခဲ့သည်။

ယူရိုပါလိဂ်ကွာတားပွဲစဉ်မှာ ဖေဖော်ဝါရီလအတွင်း ဆာလစ်ဘူရီတွင် ရုရှစပိုင် ဆာဂျီ ဆကရီပယ်နှင့် သမီးဖြစ်သူတို့ အာရုံကြောအဆိပ်ဓါတ်ငွေ့ဖြင့် လုပ်ကြံခံရသည့် ဖြစ်ရပ်ပြီးနောက် ကစားရန်ရှိလာခြင်းဖြစ်သည်။

ဘောရစ်ဂျွန်ဆင်က ဦးဆောင်ပြီး အင်္ဂလန်ကို ၂၀၁၈ ရုရှကမ္ဘာ့ဖလားပြိုင်ပွဲကို သပိတ်မှောက်ရန်လည်း တောင်းဆိုမှုများ ရှိနေသည်။

မော်စကိုအခြေစိုက် စီအက်စ်ကေအေအသင်းကို အိမ်ကွင်းတွင်လက်ခံရမည့် အာဆင်နယ်အသင်း နည်းပြအာစင်ဝင်းဂါးက အခြေအနေနှင့်ပတ်သက်ပြီး “ရိုးရိုးသားသားဝန်ခံရရင် ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူမှမသိပါဘူး။

ယူကေနဲ့ ရုရှအကြား သံတမန်ဆက်ဆံရေးနဲ့ ပတ်သက်နေမယ်ထင်တယ်။ အဲဒါက နှစ်ကျော့စလုံးမှာ သက်ရောက်မှုမရှိစေဖို့ မျှော်လင့်ပါတယ်”ဟု ပြောသည်။

ဧပြီ ၁၂ တွင် ကစားမည့် အဝေးကွင်းပွဲစဉ်နှင့်ပတ်သက်ပြီး ပရိသတ်များအတွက် အာဆင်နယ်အသင်းက ကြေညာချက်ထုတ်ပြန် ထားသည်။

နိုင်ငံရေးဝန်ကြီးဌာန၏ အကြံပြုချက်အတိုင်း သတိထားသွားလာကြရန်နှင့် နှစ်နိုင်ငံကြားတင်းမာမှုအခြေအနေကြောင့် ဖြစ်လာနိုင်သည့် ဗြိတိန်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် တိုက်ခိုက်မှုများကို သတိထားရှောင်ရှားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required