e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော အမှာစကား

e-Government ဦးဆောင်ကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော အမှာစကား

 

နေပြည်တော် ဧပြီ ၄ ။           ။  e-Government ပတ်သက်လို့ ကျွန်မတို့ အစကတည်းက စီးပွားရေးနဲ့ ပတ်သက်ပြီး ချထားတဲ့ မူဝါဒ ၁၂ ချက်ထဲမှာ တစ်ချက်ပါဝင်ပါတယ်။ အဲဒီအထဲမှာ ဖြစ်မြောက်အောင် လုပ်မယ်ဆိုတာ ပါဝင်ပါတယ်။ ဒါကို e-Government ဖြစ်မြောက်အောင် လုပ်မယ်ဆိုရင်လည်း ကျွန်မတို့ရဲ့ ဒီနှစ်အတွင်းမှာ အဲဒီဘက်က နှောင့်နှေးနေတာကိုလည်း သတိပြုမိပါတယ်။ e-Government မြန်မြန်လုပ်ဖို့၊ တိုးတက်ဖို့ဆိုရင် အချက် ၃ ချက်က အဓိက ဖြစ်ပါတယ်။ ကျွမ်းကျင်မှုလိုအပ်ချက်ရှိမယ်၊ ရှင်းနှီးမြှုပ်နှံမှု လိုအပ်ချက်ရှိမယ်၊ ပူးပေါင်း ဆောင်ရွက်မှု လိုအပ်ချက်ရှိမယ်။

ဒီ လိုအပ်ချက် ၃ ခုစလုံး ဖြည့်ဆည်းဖို့ အခုလိုအစည်းအဝေးခေါ်တာလို့ နားလည် ပါတယ်။ ဦးဆောင်ကော်မတီဥက္ကဋ္ဌကြီးဖြစ်တဲ့ ဒုတိယသမ္မတကြီးဦးမြင့်ဆွေက ဦးဆောင်ပြီး လုပ်သွားမှာဖြစ်ပါတယ်။ သုံးချက်ထဲမှာ အဓိက အမြန်ဆုံးစတင်လုပ်ရမှာတော့ ပူးပေါင်း ဆောင်ရွက်မှုပါပဲ။ အစိုးရအဖွဲ့ဌာန အသီးသီး ပြည်နယ်၊ တိုင်းအစိုးရများနဲ့ အားလုံး ပူးပေါင်းပြီး မလုပ်ရင် e-Government ဆိုတာ တကယ်တော့ ဖြစ်မြောက်နိုင်မှာ မဟုတ်ပါဘူး။

ရင်းနှီးမြှုပ်နှံမှု၊ ကျွမ်းကျင်မှုတွေကျတော့ နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေ အခြေအနေအရ၊ ပညာရေးစနစ်အခြေအနေအရ ဒါတွေကို စောင့်ဆိုင်းပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။ ပူးပေါင်း ဆောင်ရွက်ခြင်းဆိုတာကတော့ ဒီနေ့က စပြီးလုပ်နိုင်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒီလိုပူး ပေါင်း ဆောင်ရွက်မှုရှိမှလည်း e-Government ရည်ရွယ်ချက်က ထမြောက်နိုင်မှာပါ။

အဓိက ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ပြည်သူအတွက် အကျိုးရှိဖို့ပဲဖြစ်ပါတယ်။ ကမ္ဘာ့နဲ့ ရင်ဘောင်တန်းပြီး ခေတ်သစ်၊ စနစ်သစ်တွေကို မသုံးလု့ိလည်းမဖြစ်ပါဘူး။ အဲဒီလို မသုံးရင် ကျွန်မတို့နိုင်ငံဟာ တစ်ခြားနိုင်ငံတွေရဲ့နောက်မှာ ကျန်ရစ်ခဲ့မှာဖြစ်ပါတယ်။ ဒီအထဲမှာ e-Government နဲ့ ပတ်သက်လို့ ကျွန်မကို အချက်အလက်တွေပေးထားပါတယ်။ ဒီအချက် အလက်တွေကို ကျွန်မတို့ထက် အသေးစိတ်သိမယ့် ပုဂ္ဂိုလ်တွေလည်း ဒီအစည်းအဝေးမှာ ရှိပါတယ်။

စောစောကပြောသလို ပူးပေါင်းဆောင်ရွက်ခြင်းကတော့ သိပ်အရေးကြီးပါတယ်။ တစ်ဌာနနဲ့ တစ်ဌာန ပူးပေါင်းဆောင်ရွက်မှုမရှိရင် e-Government ကိစ္စမပြောနဲ့ တ ခြား ကိစ္စတွေမှာလည်း မြန်သင့်သလောက် အောင်မြင်နှုန်းက မမြန်နိုင်ပါဘူး။ e- Government ဆိုတာ ကတော့ အစိုးရတစ်ခုလုံးနဲ့ဆိုင်တယ်။ တကယ်တော့ ပြောမယ်ဆိုရင် နိုင်ငံတော် တစ်ခုလုံးနဲ့ ဆိုင်တယ်။
 
e-Government လုပ်ဆောင်ခြင်းရဲ့ ရည်ရွယ်ချက်က ပြည်သူလူထုအတွက် အဆင်ပြေဖို့ ဆိုတဲ့အထဲမှာ မြန်မြန်ဆန်ဆန် အလုပ်ပြီးဖို့လည်းပါတယ်။ နောက်ပြီးတော့ အဂတိလိုက်စားမှု ပပျောက်သွားဖို့လည်း ပါဝင်ပါတယ်။ တချို့ကပြောတာတော့ အဂတိ လိုက်စားမှု လုံးဝပပျောက် တဲ့နိုင်ငံ ဒီကမ္ဘာကြီးမှာ မရှိဘူးပေ့ါ ။ ဒါပေမယ့်လည်း နည်းနိုင်သမျှ နည်းသွားအောင်လို ဦးတည်ပြီးတော့ ကြိုးစားရမှာဖြစ်ပါတယ်။

ဒီဟာအတွက် e-Government က အများကြီး အထောက်အကူပေးနိုင်ပါတယ်။ နောက်တစ်ခုက ကျွန်မတို့ိနိုင်ငံနဲ့ အစိုးရနဲ့ပတ်သက်လို့ပြောတာက လုပ်ငန်းတွေက နှေးကွေး တယ်၊ မြန်မြန်ဆန်ဆန်မပြီးဘူး၊ မလိုအပ်တဲ့ ကြိုးနီစနစ်တွေက ရှုပ်ထွေးနေတယ်။ ဒီဟာ တွေကို ရှောင်ရှားဖို့ရာအတွက်ကို e-Government မြန်မြန်ဆန်ဆန် အကောင်အထည် ဖော်ဖို့က အရေးကြီးပါတယ်။

 တချိန်တည်းမှာပဲ ယခုခေတ်ရဲ့ တိုးတက်တဲ့ သိပ္ပံနည်းပညာတွေနဲ့ ပတ်သက်ရင် အကျိုးအမြတ်တွေရှိသလို အန္တရာယ်တွေလည်းရှိပါတယ်။ ဒီဟာတွေကိုလည်း စောစောစီးစီး သိရှိနားလည်ပြီး ဒီအန္တရာယ်တွေကနေ ရှောင်ရှားနိုင်ဖို့အတွက် သတိနဲ့ စတင်ပြီး စည်းမျဉ်း၊ စည်းကမ်းများ၊ လုပ်ထုံး၊ လုပ်နည်းများကို ဆုံးဖြတ်သွားဖို့ အရေးကြီးပါတယ်။

ဆိုးကျိုး၊ ကောင်းကျိုးကို တစ်ချိန်လုံး ချင့်ချိန်ပြီးတော့ လုပ်သွားရမှာပါ။ ဒီ e-Government လုပ်ရင် အားလုံးကောင်းတယ်ဆိုပြီး ဒါကိုဖိပြီးတော့ လုပ်လို့လည်း မဖြစ်ပါဘူး။ ဥပမာ - e-Government တင်မကဘူး၊ ခေတ်သစ်နည်းပညာတွေနဲ့ ပတ်သက်လို့ လူတိုင်း၊ လူတိုင်း ရဲ့လုံခြုံမှု၊ ပုဂ္ဂိုလ်ရေးလုံခြုံမှုတွေကို ထိခိုက်နိုင်တဲ့ အလားအလာတွေရှိတယ်ဆိုတာ အများ သိပြီးသားပါပဲ။ ဒါပေမယ့်လည်း ဒီလိုအလားအလာတွေရှိတယ်ဆိုတာ သိရက်နဲ့ အခုက တည်းက ကြိုတင်ပြင်ဆင်ပြီး ကာကွယ်တာမလုပ်ရင် နောင်ကျမှ မကိုင်တွယ်နိုင်တဲ့ အဆင့်ကို ရောက်သွားနိုင်ပါတယ်။

ဒီလို နည်းပညာတွေ၊ စနစ်သစ်တွေကို အလွဲသုံးစားမလုပ်ဖို့လည်း အင်မတန် အရေးကြီး ပါတယ်။ အလွဲသုံးစားမလုပ်ဖို့ဆိုတာဟာ ကျွန်မတို့ရဲ့ အစိုးရပိုင်းဆိုင်ရာကလည်း အလွဲသုံးစား မလုပ်ဖို့၊ ပြည်သူဘက်ကလည်း အလွဲသုံးစားမလုပ်ဖို့၊ ဒါကြောင့် လုပ်ငန်း အသစ်တစ်ခုကို ဖော်ဆောင်တဲ့နေရာမှာ ဟိုဘက်ဒီဘက် အဖက်ဖက်ကနေ ကြည့်ပြီး ဆုံးဖြတ်ချက် ချစေချင် ပါတယ်။

ကိုယ်မြင်ချင်တာပဲ မြင်လို့မရပါဘူး။ လုပ်ချင်ဇောနဲ့ဘာမဆို အောင်မြင်မယ် ၊ တကယ်တော့ အောင်မြင်မယ်ဆိုတာ သေသေချာချာ စေ့စေ့စပ်စပ် လေ့လာထားလို့ မဟုတ်ပါဘူး။ လုပ်ချင်လို့၊ လုပ်ချင်တဲ့ဇောနဲ့ အားနည်းချက်တွေကို မသိချင်ယောင်ဆောင်ပြီး၊ အားသာချက် တွေကိုဖိပြီး နောင်ကျရင် ပြဿနာတွေကို မကိုင်တွယ်နိုင်တဲ့အနေအထားကို ရောက်သွား နိုင်ပါတယ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေ ရဲ့ ဦးဆောင်မှုရဲ့အောက်မှာ e-Government နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်တွေ ချတဲ့အခါ ပွင့်ပွင့်လင်းလင်းဖြောင့်ဖြောင့်မတ်မတ်လုပ်ဖို့ ကိုယ်ဘာ အားသာချက်၊ ဘာအားနည်းချက်တွေရှိမလဲ၊ တချို့ ကိစ္စတွေက ကျွန်မတို့နိုင်ငံမှာ အခုအချိန်အခါမှာ ဖော်ဆောင်ဖို့ မသင့်သေးဘူး။ ဘာဖြစ်လို့ မသင့်သေးတာလဲ ၊ မသင့် တာလား၊ မလုပ်နိုင်တာလား၊ မသင့်လျော်လို့ မလုပ်နိုင်တာလား၊ လုပ်နိုင်မယ့်အရည်အချင်း၊ ငွေရေး၊ ကြေးရေး မရှိသေးလို့ မလုပ်နိုင်တာလား ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လိုပါတယ်။

ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး အဖြေရှာရမှာဖြစ်ပါတယ်။ ဒီမှာဆိုရင် တိုင်းနဲ့ ပြည်နယ် အစိုးရက ဝန်ကြီးချုပ်တွေ အားလုံးရောက်နေတယ်လို့ ထင်ပါတယ်။ ကိုယ်တိုင်း၊ ကိုယ့်ပြည် နယ်မှာ တခြားတိုင်း၊ ပြည်နယ်တွေနဲ့အတူ စိန်ခေါ်မှုတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေဟာ ယခုလို အစည်းအဝေးမျိုးမှာ တင်ပြဖို့ အကောင်းဆုံး အခွင့်အရေးပဲဖြစ်ပါတယ်။

ဒါကြောင့် တင်ပြကြပါ။ ကိုယ်ရဲ့ တချို့ တိုင်း၊ ပြည်နယ် အစိုးရတွေကတော့ သူတို့ တိုင်း၊ ပြည်နယ်ရဲ့ အားနည်းချက်ကို ဖိပြီးတော့ပြောတယ်။ ဘာလို့လဲဆိုတော့ ပိုပြီးတော့ အထောက်အကူ ယူချင်လို့ ။ တချို့က အားသာချက်တွေကိုဖိပြီး ပြောတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ပိုပြီးတော့ နည်းနည်း ကြွားချင်လို့။ ဒီနှစ်ခု စလုံးကို ပိုပြီးတော့ ရှောင်ရမှာပါ။ ကြွားဖို့လည်းမလုပ်ပါနဲ့ ၊ ပိုပြီးတော့ ယူချင်လို့ ၊ စာနာမလား၊ သနားမလား ဆိုပြီးတော့ အားနည်းချက်တွေကိုလည်း ထုတ်မပြပါနဲ့ ။ မှန်မှန်ကန်ကန် ဓမ္မဓိဋ္ဌာန် ကျကျ သုံးသပ်ပါ။

e-Government ကို တည်ဆောက်ဖို့ e-Government ကို မြန်မြန်ဆန်ဆန် အောင်မြင် အောင် ဖော်ဆောင်နိုင်ဖို့ ဘယ်လိုလုပ်သင့်သလဲ၊ ဘယ်လို ကိုယ်ရဲ့ဌာန အသီးသီး၊ ကိုယ်တိုင်း၊ ပြည်နယ်အသီးသီးကလည်း ဘယ်လိုနည်းနဲ့ ကူညီနိုင်မလဲဆိုတာကိုလည်း စဉ်းစားစေချင်ပါ တယ်။

အားလုံးမှာတော့ ကိုယ့်အားသာချက်၊ ကိုယ်အားနည်းချက်တွေရှိကြမှာပဲ။ ပူးပေါင်းပြီး ဆောင်ရွက်ဖို့ပါပဲ။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက e-Government နဲ့ ပတ်သက်လို့ အစိုးရနှစ်နှစ်တာတာဝန်ယူကတည်းက ဒါကို ကြိုးပမ်းခဲ့တာပါ၊ သို့သော်ငြား လည်း ပူးပေါင်းဆောက်ရွက်မှု၊ ချိတ်ဆက်မှု အားနည်းတာတွေကြောင့် အောင်မြင်သင့် သလောက်၊ မျှော်မှန်းသလောက် တိုးတက်မှုမရှိပါဘူး။ အကောင်အထည်ဖော်တဲ့နေရာမှာ ယခု ဒီလိုဖွဲ့လိုက်ပြီဆိုရင် ဒီလို စုပေါင်းပြီးဆွေးနွေးဖို့လိုပါတယ်။ မျက်နှာချင်းဆိုင် ဆွေးနွေးညှိနှိုင်း တယ် ဆိုတာ ခဏ ခဏ လုပ်လို့မရပါဘူး။ ပြည်နယ်နဲ့ တိုင်းနဲ့ ပြည်နယ် က ဝန်ကြီးချုပ်တွေ မိမိတို့ရဲ့ တိုင်း၊ ပြည်နယ်က တာဝန်တွေကို ခဏတဖြုတ် ထားခဲ့ပြီးတော့ လာရတယ်ဆိုတာ ခဏခဏ လာလို့ မရပါဘူး။

အခွင့်အရေးရှိတုန်းမှာ အခွင့်အရေးကို အပြည့်အဝသုံးစေချင်ပါတယ်။ အခွင့်အရေးရှိ တုန်းတော့ ပြည့်ပြည့်စုံစုံ ဆွေးနွေးစေချင်ပါတယ်။ လုံခြုံရေးဘက်က ကြည့်မယ်ဆိုရင် ပြည်ထဲရေးတို့ ကာကွယ်ရေးတို့က ပါဝင်ဖို့ လိုပါတယ်။

ကျွန်မတို့ နိုင်ငံတော်အတွက်၊ လုံခြုံရေးအတွက် အကြံပေးအရာရှိဖြစ်တဲ့ ဦးသောင်းထွန်းက လည်း လုံခြုံရေးဘက်ကလည်း ပါဝင်ပြီးတော့ ဆွေးနွေးဖို့လိုပါတယ်။ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံတွေကိုလည်း လေ့လာပြီး သင်ခန်းစာတွေယူဖို့ အင်မတန် မှ အရေးကြီးပါ တယ်။

ကျွန်မကို ပေးထားတဲ့အချက်အလက်တွေကတော့ စောစောက ကျွန်မပြောသလို ယခုဆို ရင် Mobile Telephone ကွန်ရက်ဟာ လူဦးရေရဲ့ ၈၉ ရာခိုင်နှုန်းကို လွှမ်းခြုံသွားပြီ။ ၂၀၂၀ ကျရင် ၉၂ ရာခိုင်နှုန်းကို လွှမ်းခြုံဖို့ ။ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးက ပိုပြီးတော့ တင်ပြနိုင်မယ်လို့လည်း သိပြီးသားတွေဖြစ်မှာပါ။ e-Government မှာ ဆိုရင် တ ချို့ကိစ္စတွေက ကိုယ်မစဉ်းစားမိတာတွေကို စဉ်းစားနိုင်တာတွေ ပေါ်လာပါလိမ့်မယ်။

ဥပမာ - ကျန်းမာရေးနဲ့ e-Government ဘယ်လို့ အချိတ်အဆက်ရှိတယ်ဆိုတာကို ကျန်းမာရေးအတွက် e-Government ဟာ ဘယ်လောက်အထောက်ကူပြု နိုင်မယ်ဆိုတာ ကျန်းမာရေးဝန်ကြီးက တင်ပြလာမှ ကျွန်မတို့ အားလုံးက ဂဃနဏ သိမှာပါ။ ထိုနည်း၎င်းပဲ စိုက်ပျိုးရေးနဲ့ ပတ်သက်လို့ စိုက်ပျိုးရေးကို အခြေပြုတဲ့နိုင်ငံဖြစ်တဲ့အခါကျတော့ စိုက်ပျိုး ရေးကဏ္ဍ တိုးတက်အောင်၊ အောင်မြင်အောင်လို့ e-Government က ဘယ်လို အထောက် အကူပေးနိုင်မလဲ၊ ဘယ်လိုပုံစံနဲ့ချိတ်ဆက်နိုင်မလဲဆိုတာကို စိုက်ပျိုးရေး၊ မွေးမြူရေး နဲ့ ဆည်မြောင်းဝန်ကြီးဌာနက တင်ပြရမှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ရဲ့ဌာနအတွက် အကျိုး အမြတ်တွေရှိနိုင်သလို ကိုယ်ရဲ့ ဌာနကလည်း e-Government အောင်မြင်ရေးအတွက် ပံ့ပိုးနိုင်မလား ဆိုတာကို ပွင့်ပွင့်လင်းလင်းတင်ပြကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံရင်းနဲ့ နိဂုံးချုပ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required