ရိုက်တာသတင်းထောက် ၂ ဦးအား အမှုမှ တရားရှင် လွှတ်၊ မလွှတ် လာမည့် ရုံးချိန်းတွင် အမိန့်ချမည်

ရိုက်တာသတင်းထောက် ၂ ဦးအား အမှုမှ တရားရှင် လွှတ်၊ မလွှတ် လာမည့် ရုံးချိန်းတွင် အမိန့်ချမည်

 

ရန်ကုန်၊ ဧပြီလ ၄ ။             ။ အစိုးရလိျှု့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ- ၃ ဖြင့် ဖမ်းဆီးခံထားရသည့် ရိုက်တာသတင်းဌာနမှ သတင်း ထောက် ဝလုံးနှင့် ကျော်စိုးဦးတို့ ၂ ဦးကို အမှုမှ တရားရှင် လွှတ်၊ မလွှတ် ဧပြီလ ၁၁ ရက်နေ့ ရုံးချိန်းတွင် အမိန့်ချမှတ်မည်ဖြစ်သည်။

ယနေ့ ဧပြီလ ၄ ရက်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ရိုက်တာသတင်းထောက် ၂ ဦးကို ၁၂ ကြိမ်မြောက် ရုံးထုတ်ခဲ့ပြီး သတင်းထောက် ၂ ဦးကို စွဲချက်မတင်မီ အမှုမှ တရားရှင် လွှတ်၊ မလွှတ်နှင့် ပတ်သက်ပြီး ခရိုင် တရားသူကြီးက နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်များကို ကြားနာခဲ့သည်။

“ တရားလိုပြသက်သေ အကုန်မစစ်ဘဲနဲ့ကိုပဲ ၁၇ ယောက်စစ်ပြီးတဲ့ အပေါ်မှာ သုံးသပ်ပြီးတော့ ကနဦးသက် သေခံချက် မပေါ်ပေါက်တဲ့အတွက်ကြောင့် သူတို့ကို စွဲချက်မတင်ဘဲ တရားရှင်လွှတ်ပေးဖို့ ကျွန်တော်တို့ လျှောက်ထားတယ်။ အဲ့ဒီအတွက် ရှေ့အချိန်းမှာ အမိန့်ချမယ်။ ဒီအတွက်ပဲ အမိန့်ချမယ်။ လွှတ်မလား။ မလွှတ်ဘူးလား။ ဆက်သွားမလား။ ဒါပဲ”ဟု ရိုက်တာသတင်းထောက်နှစ်ဦးဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

သတင်းထောက် ၂ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ- ၂၃၅ (ခ) အရ စွဲချက်မတင်ဘဲ လွှတ်ပေးရန်အတွက် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ ရုံးချိန်းတွင် ရုံးတော်၌ လျှောက် ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အမှုနှင့် ပတ်သက်ပြီး စစ်ဆေးရန်အတွက် တရားလိုပြသက်သေက ၂၅  ဦးရှိပြီး ယင်းအထဲမှ ၁၇ ဦးသာ စစ်ဆေးပြီးစီးသည့် အချိန်တွင် ယင်းလျှောက်လဲချက်ကို တင်ခဲ့ခြင်းဖြစ်သည်။

“ တစ်ဖက်ကလည်း အဲ့ဒီအကြောင်းအရာကို မငြင်းဘူးဗျ။ ၁၇ ယောက်ပဲ ရှိသေးတဲ့အတွက်ကြောင့် မလွှတ်ပါနဲ့ လို့ သူတို့ပြောတဲ့အကြောင်းအရာမှာမပါဘူး။ နည်းခြင်း၊ များခြင်းအပေါ်မှာ။ ကျွန်တော်တို့ ဒီ ၁၇ ယောက်တည်း နဲ့ လျှောက်တဲ့အတွက်ကြောင့် တစ်ဖက်က အချိန်မတိုင်သေးပါဘူးဆိုပြီး မငြင်းပါဘူး”ဟု ဦးခင်မောင်ဇော်က ပြောသည်။

ရိုက်တာသတင်းဌာနမှ ကိုဝလုံး(ခ)ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်တို့ကို မောင်တောမြို့နယ် လုံခြုံရေးရဲတပ်ဖွဲ့ အစီရင်ခံစာမိတ္တူတချို့တွေ့ရှိခဲ့ခြင်းကြောင့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်၊ ည ၉ နာရီခန့် အချိန်တွင် အစိုးရလိျှု့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ- ၃ ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပုဒ်မဖြင့် ခရိုင်တရား ရုံးတွင် တရားစွဲတင်ကာ စတင်စစ်ဆေးနေခြင်းဖြစ်သည်။

ယင်းလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ- ၃ သည် ထောင်ဒဏ် ၁၄နှစ် အထိ ချမှတ်နိုင်သော ဥပဒေပုဒ်မဖြစ်သည်။

သတင်းထောက် ၂ ဦးအား အဆိုပါ စာရွက်စာတမ်းများကို လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ် ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦးက ပေးအပ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly