စိတ်ကျရောဂါကိုခုခံတွန်းလှန်ခဲ့ရသည်ဟု ဖွင့်ဟခဲ့သည့် ဒွိန်းဂျွန်ဆင်အား ပရိသတ်များအားပေး

စိတ်ကျရောဂါကိုခုခံတွန်းလှန်ခဲ့ရသည်ဟု ဖွင့်ဟခဲ့သည့် ဒွိန်းဂျွန်ဆင်အား ပရိသတ်များအားပေး

နာမည်ကျော်ဟောလိဝုဒ်မင်းသားကြီး ဒွိုင်းဂျွန်ဆင်က သူသည် စိတ်ကျရောဂါဝေဒနာကို ခုခံတွန်းလှန်ခဲ့ရသည် ဟု ဖွင့်ဟပြောဆိုခဲ့ချိန်တွင် သူ့ကိုအားပေးထောက်ခံခဲ့ကြသော ပရိသတ်များအား ကျေးဇူးတင်ကြောင်း ပြောဆို ခဲ့သည်။

The Express သတင်းစာနှင့် အင်တာဗျူးခဲ့စဉ်တွင် အသက် ၄၅နှစ်အရွယ်ရှိ မင်းသားကြီးက မိခင်ဖြစ်သူ၏ မိမိကိုယ်မိမိသတ်သေရန် ကြိုးပမ်းခဲ့မှုကိုတွေ့ရှိခဲ့ရကြောင်းနှင့် ထိုအခိုက်အတန့်သည် သူ၏ဘဝတွင် အဆိုးရွား ဆုံးသော အချိန်ကာလတစ်ခုဖြစ်သည်ဟု ဖွင့်ဟပြောဆိုခဲ့သည်။

“ဒီကိစ္စနဲ့ပက်သက်လို့ အားပေးပြောဆိုမှုတွေ အများကြီးရရှိခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်။ ကျနော်တို့အားလုံး ဒီလိုမျိုးကိစ္စတွေကို ဖြတ်ကျော်ခဲ့ဖူးသလို စိတ်ကျရောဂါဆိုတာ လူတန်းစားမခွဲခြားပဲ ဖြစ်ပွားတတ်ပါတယ်” ဟု ဒွိန်းဂျွန်ဆင်က သူ၏တွစ်တာ၌ ရေးသားခဲ့သည်။

ဆက်လက်ပြီး သူက “ ကျနော့်အတွက် နားလည်သဘောပေါက်ဖို့ အချိန်အကြာကြီး ကြာခဲ့ပါတယ်။ဒါပေမယ့် မကြောက်မရွံ့နဲ့ ဒီလိုမျိုးခံစားနေရကြောင်းကို ဖွင့်ဟပြောဆိုဖို့က အရေးပါတယ်ဆိုတာ သိလိုက်ရပါတယ်” ဟု ပြောခဲ့သည်။

ဒါ့အပြင်မင်းသားကြီးက သူသည် စိတ်ကျန်းမာရေးနှင့်ပက်သက်၍ ခုခံတွန်းလှန်ခဲ့ရမှုကိုလည်း ယခင်က ဖွင့်ဟ ပြောဆိုခဲ့ဖူးသည်။ ပရိသတ်တစ်ဦးက ဒွိုင်းဂျွန်ဆင်အား သူသည် စိတ်ကျရောဂါကိုခံစားနေရသည်ဟု ပြောဆိုခဲ့ ဖူးသည်။ ထို့နောက်တွင် မင်းသားကြီးက “မင်းပြောတာကို နားလည်ပါတယ်။ ငါလည်းဒီရောဂါမျိုးကို အရင်တုန်း က တစ်ကြိမ်ထက်မက ခုခံတွန်းလှန်ခဲ့ရဖူးပါတယ်” ဟု ပြန်လည်ပြီး အားပေးစကားပြောဆိုခဲ့သည်။

မကြာသေးခင်ကပြုလုပ်ခဲ့သော အင်တာဗျူးအသစ်ထဲတွင် ဂျွန်ဆင်က “ ကျနော် ဘာကိုမှမလုပ်ချင်၊ ဘယ်ကိုမှ မသွားချင်တဲ့ အခိုက်အတန့်မျိုးအထိ ခံစားခဲ့ရဖူးပါတယ်။ ကျနော် အဆက်မပြတ်ငိုကြွေးနေခဲ့ပါတယ်” ဟု ပြောခဲ့သည်။

ဒါ့အပြင် ဂျွန်ဆင်က သူ့အသက် ၁၅နှစ်အရွယ်တွင် မိခင်ဖြစ်သူက မိမိကိုယ်မိမိ အဆုံးစီရင်ရန်ကြိုးပမ်းမှုကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရဖူးကြောင်းနှင့် ထိုဖြစ်ရပ်များအပြင် သူ၏ဘဝတွင်ကြုံတွေ့ခဲ့ရသော အခက်အခဲ များစွာကြောင့် စိတ်ကျရောဂါကို ရရှိစေခဲ့ကြောင်း ဆွေးနွေးခဲ့သည်။

နပမ်းသမားအဖြစ်မှ သရုပ်ဆောင်အဖြစ်သို့ကူးပြောင်းလာသည့် မင်းသားကြီး ဒွိန်းဂျွန်ဆင်သည် ယခုအခါတွင် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး မင်းသားများထဲမှတစ်ဦးဖြစ်ပြီး မကြာသေးခင်က သူပါဝင်သရုပ်ဆောင်ထားသော Jumanji: Welcome to the Jungle သည် ရုံဝင်ငွေများစွာရရှိခဲ့သည်။

Ref: BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required