ဇနီးသည်ရဲ့ ခြစားမှုကိစ္စကြောင့် နေအိမ်ကနေ ဆင်းပေးလိုက်ရတဲ့ ဟွန်ဒူးရပ်စ် သမ္မတဟောင်း

ဇနီးသည်ရဲ့ ခြစားမှုကိစ္စကြောင့် နေအိမ်ကနေ ဆင်းပေးလိုက်ရတဲ့ ဟွန်ဒူးရပ်စ် သမ္မတဟောင်း

 

ဧပြီ ၄ ။                ။ ဇနီးဖြစ်သူ အဂတိလိုက်စားမှုနဲ့ အမှုရင်ဆိုင်နေရချိန်မှာပဲ ဟွန်ဒူးရပ်စ် သမ္မတဟောင်း ပေါ်ဖီရီအို လိုဘို ပြီးခဲ့တဲ့ ဧပြီ ၃ ရက်က ၎င်းရဲ့ လက်ရှိနေထိုင်ရာ နေအိမ်ကနေ ဆင်းပေးလိုက်ရပြီဖြစ်တယ်လို့ သိရပါတယ်။

၎င်းရဲ့ ဇနီးဖြစ်တဲ့ ရိုဆာ ဘိုနီလာ အပေါ် အဂတိလိုက်စားမှု စွဲချက်တွေနဲ့ စွဲဆိုထားမှု တစ်စိတ်တစ်ဒေသအနေနဲ့ သမ္မတဟောင်းဖြစ်သူ ပေါ်ဖီရီအို လိုဘိုလည်း ခုလိုမျိုး နေအိမ်ကနေ ဖယ်ပေးလိုက်ရမှု ဖြစ်စဉ် ပေါ်ပေါက်လာတာဖြစ်ပါတယ်။

ရိုဆာ ဘိုနီလာဟာ လွန်ခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၄ ခုနှစ်တွေအကြား သူမ သမ္မတကတော်အဖြစ်ရှိခဲ့စဉ်က အဂတိလိုက်စားမှုတွေ ရှိခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရပြီး လက်ရှိအချိန်မှာ အမှုရင်ဆိုင်နေရလျက်ရှိပါတယ်။ သူမ အမှုရင်ဆိုင်နေရလို့ သူမနဲ့ပတ်သက်တဲ့ ပိုင်ဆိုင်မှုတွေကို ရဲက သိမ်းဆည်းရာမှာတော့ ခုလိုမျိုး ခင်ပွန်းဖြစ်တဲ့ သမ္မတဟောင်း လိုဘိုလည်း ကြားကနေ ဓားစာခံအဖြစ် ပါသွားခဲ့တာဖြစ်ပါတယ်။

" ဒီကနေ့မှာတော့ ကျွန်တော်ရဲ့ ဒီအိမ်ကြီးကို သိမ်းဆည်းခံ ပစ္စည်းအဖြစ် အပ်နှံရပါတော့မယ်၊ တကယ်တော့ ဒီအိမ်က ကျွန်တော့်ကလေးတွေကို မွေးခဲ့တဲ့ နေရာပါ၊ ကျွန်တော် တကယ်စိတ်မကောင်းပါဘူး၊နောက်ပြီး ဒီအိမ်ကို လွန်ခဲ့တဲ့ ၂၀၀၄ ကမှ ဝယ်ထားတာပါ" ဆိုပြီး သမ္မတဟောင်း လိုဘိုက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဝမ်းနည်းပက်လက် ဖွင့်ဟသွားပါတယ်။

အဆိုပါ အိမ်ကို သူကိုယ်တိုင် ဝယ်ခဲ့တယ်ဆိုပေမယ့် အိမ်ပိုင်ဆိုင်သူနာမည်ကိုတော့ ဇနီးသည်နာမည်နဲ့ လုပ်ထားခဲ့လို့ ခုလို ဖယ်ပေးလိုက်ရတာဖြစ်ကြောင်း လိုဘိုက ရှင်းပြသွားပါတယ်။

လက်ရှိအချိန်မှာတော့ ၎င်းရဲ့ ဇနီးသည် ဘိုနီလာကတော့ သူမ သမ္မတကတော်ဖြစ်ခဲ့စဉ်က အစိုးရပိုင်ငွေ ဒေါ်လာ ၆၀၀,၀၀၀ ကို သူမရဲ့ ဘဏ်အကောင့်ထဲ လွှဲပြောင်းထည့်ခဲ့မှုနဲ့ တရားရုံးမှာ အမှုရင်ဆိုင်နေရလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required