လီဗာပူးလ်နှင့်ပွဲကို ဒူးဒဏ်ရာကြောင့် အဂူရိုလွဲမည်

လီဗာပူးလ်နှင့်ပွဲကို ဒူးဒဏ်ရာကြောင့် အဂူရိုလွဲမည်

 

ဧပြီ ၄၊ လီဗာပူးလ်။                             ။ မန်ချက်စတာစီးတီးတိုက်စစ်မှူး အဂူရိုသည် ယနေ့ညတွင် လီဗာပူးလ်နှင့်ကစားရမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်ကို ဒူးဒဏ်ရာကြောင့် လွဲချော်မည်ဖြစ်သည်။

အဂူရိုသည် ယင်းဒဏ်ရာကြောင့်ပင် စီးတီးနှင့် အာဂျင်တီးနားတို့၏ နောက်ဆုံး ငါးပွဲကို လွဲချော်ခဲ့ရသည်။ “အဂူရိုက ပိုကောင်းလာနေပါပြီ။ ဒါပေမဲ့ ဒီနေ့ ဆရာဝန်တွေက သူ့ကိုမေးကြည့်တဲ့အခါ နည်းနည်းပြဿနာရှိနေသေးပြီး သက်သောင့် သက်သာမရှိသေးဘူးလို့ ပြောပါတယ်”ဟု ဂွာဒီယိုလာက ဆိုသည်။

လီဗာပူးလ်အသင်းတွင်လည်း ဂိုမက်ဇ်၊ မက်တစ်နှင့် ကလာဗန်တို့လွဲချော်မည်ဖြစ်ရာ ခံစစ်ပြဿနာနှင့်ရင်ဆိုင်နေရသည်။ ဆီမီး တက်ရောက်ရေးအတွက် ပရီးမီးယားလိဂ်ဦးဆောင်သူ စီးတီးနှင့်တွေ့မည့်ပွဲတွင် ကိုယ့်သမိုင်းကိုယ်ရေးကြရန် ကစားသမားများကို လီဗာပူးလ်နည်းပြ ကလော့ပ်က တိုက်တွန်းထားသည်။

ပရီးမီးယားလိဂ်တွင် လီဗာပူးလ်တစ်သင်းတည်းကိုသာ ရှုံးထားသည့် စီးတီးသည် စနေနေ့တွင် မြို့ခံပြိုင်ဘက် မန်ယူနိုက်တက်ကို အနိုင်ရပါက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မည် ဖြစ်သည်။

ချန်ပီယံလိဂ်တွင်မူ မန်စီးတီးအသင်းက တစ်ကြိမ်မှဗိုလ်စွဲထားဖူးခြင်းမရှိဘဲ လီဗာပူးလ်အသင်းက ငါးကြိမ်ဗိုလ်စွဲထားကာ ၂၀၀၅ တွင် နောက်ဆုံးဗိုလ်စွဲထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required