အီရတ်၌ ပြန်ပေးဆွဲပြီးအသတ်ခံခဲ့ရသော အိန္ဒိယအလုပ်သမား ၃၈ဦး၏အလောင်းကို နိုင်ငံရင်းသို့ပြန်ပို့

အီရတ်၌ ပြန်ပေးဆွဲပြီးအသတ်ခံခဲ့ရသော အိန္ဒိယအလုပ်သမား ၃၈ဦး၏အလောင်းကို နိုင်ငံရင်းသို့ပြန်ပို့

 

အမ်ရစ်ဆာ၊ အိန္ဒိယ၊ ဧပြီ ၃ ။                   ။ အီရတ်နိုင်ငံ၌ အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ အိုင်အက်စ်တို့၏ ပြန်ပေးဆွဲ၊ သတ်ဖြတ်ခြင်းကိုခံခဲ့ရသော အိန္ဒိယ နိုင်ငံသား ဆောက်လုပ်ရေးအလုပ်သမား ၃၈ ဦး၏အလောင်းများကို လေးနှစ်ကြာပြီးနောက် မိခင်နိုင်ငံရင်းသို့ တနင်္လာနေ့တွင် ပြန်လည်ပေးပို့နိုင်ခဲ့သည်။

ပြန်ပေးဆွဲခံခဲ့ရသော အိန္ဒိယအလုပ်သမား ၃၈ဦးသည် အသက်ရှင်နေသေးကြောင်း အစိုးရတာဝန်ရှိသူများက အလုပ်သမားများ၏မိသားစုများအား နှစ်များစွာကြာအောင် ပြောဆိုခဲ့ကြသည့်အတွက် ၎င်းတို့၏ဆွေမျိုးများမှာ မျှော်လင့်တကြီး စောင့်ဆိုင်းနေခဲ့ကြရသည်။

ဝမ်းနည်းပူဆွေးနေသော မိသားစုဝင်များသည် အီရတ်မှပို့လိုက်သည့် အလုပ်သမားများ၏အလောင်းများ ထည့်ထားသော ခေါင်းတလားများကို အိန္ဒိယနိုင်ငံအနောက်မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်လေဆိပ်၌ လာရောက် စောင့်ဆိုင်း၍ သယ်ယူခဲ့ကြသည်။

သေဆုံးခဲ့သောအလုပ်သမားအများစုမှာ ပန်ဂျပ်ပြည်နယ်ရှိ ဆင်းရဲနွမ်းပါးသော မိသားစုမှလာသူများဖြစ်ကြပြီး အီရတ်နိုင်ငံမိုဆူးလ်မြို့ရှိ ဆောက်လုပ်ရေးကုမ္ပဏီ၌ သွားရောက်လုပ်ကိုင်ကြစဉ်တွင် အစွန်းရောက်အကြမ်း ဖက်သမားများ၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

မိုဆူးလ်မြို့အနောက်မြောက်ပိုင်းရှိ ဘာဒက်ရှ်ကျေးရွာ၌ အလောင်း ၃၉ လောင်းကို စုပုံမြှုပ်နှံထားသော မြေကျင်းတစ်ခုကို တွေ့ရှိခဲ့သည်ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဖြစ်သူက ပြီးခဲ့သောလက ပါလီမန်အတွင်း၌ ပြောကြားခဲ့သည်။

ထို့နောက်တွင် ဒီအဲန်အေစစ်ဆေးချက်များအပြီး၌ အလောင်း ၃၈ လောင်းမှာ မည်သူမည်ဝါဖြစ်သည်ဆိုတာကို သိရှိခဲ့ရကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက တနင်္လာနေ့၌ ပြောခဲ့သည်။

ထိုအလုပ်သမား ၃၈ ဦးမှာ လွန်ခဲ့သော ၂၀၁၄ခုနှစ် ဇွန်လက အိုင်အက်စ်တို့၏ပြန်ပေးဆွဲခြင်းကို ခံခဲ့ရခြင်းဖြစ်ပြီး အလုပ်သမားများ အသက်ရှင်လျက်ရှိသေးကြောင်း အိန္ဒိယအစိုးရက အခိုင်အမာပြောဆိုခဲ့သည့်အတွက် ကျန်ရစ်သူဆွေမျိုးများက ၎င်းတို့အား သတင်းအမှောင်ချထားသည်ဟု ပြောဆိုကာ အစိုးရကို ဝေဖန်ခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီး ရှှုမာဆွာရက်ဂျ်ကမူ အစိုးရအနေဖြင့် ကျန်ရစ်သူမိသားစုများအား မှားယွင်းသောမျှော်လင့် ချက်ကြီးများပေးခဲ့ခြင်းမဟုတ်ကြောင်း ငြင်းဆန်ခဲ့သည်။ အဆိုပါအလုပ်သမားများသည် မည်သည့်အချိန်က အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ရှင်းလင်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly