အနုပညာသည် ယှဉ်ပြိုင်ရခြင်းလို့ အယုံအကြည်မရှိ၊ သီချင်းတွေကို ပြိုင်ပွဲမှာပေးမဆိုနိုင်ဘူး (ဆောင်းဦးလှိုင်)

အနုပညာသည် ယှဉ်ပြိုင်ရခြင်းလို့ အယုံအကြည်မရှိ၊ သီချင်းတွေကို ပြိုင်ပွဲမှာပေးမဆိုနိုင်ဘူး (ဆောင်းဦးလှိုင်)

 

တေးရေး၊ တေးဆို ဆောင်းဦးလှိုင်က အနုပညာဟာ ယှဉ်ပြိုင်ကောင်းတဲ့ အရာမဟုတ်ဘူးလို့ လုံးဝယုံကြည်တယ်လို့ မဇ္ဈိမကို ပြောပါတယ်။ ဒါ့အပြင် သူ့သီချင်းတွေကို သီချင်းဆို ပြိုင်ပွဲတွေမှာ ပေးမသုံးဘူးလို့လဲ ဆိုပါတယ်။ သူ့သီချင်းတွေကို ဘာ့ကြောင့် ပေးမသုံးတာလဲ၊ သီချင်းဆို ပြိုင်ပွဲဝင်သူတွေကို ဘာပြောချင်သလဲ။ အနုပညာအပေါ် သူ့အမြင် ဘယ်လိုရှိပါသလဲ မဇ္ဈိမက မေးမြန်းထားပါတယ်။

သီချင်းတွေ အဆိုပြိုင်ပွဲတွေမှာ ပေးမသုံးဘူးဆိုတာ ဘာကြောင့်လဲဗျ။

ပထမဦးဆုံးတစ်ချက်က ကျွန်တော့် ခံယူချက်ကြောင့် သီချင်းတွေ ပေးမသုံးတာ။ အဲဒီမှာ အဆိုပြိုင်ပွဲတစ်ချို့ရဲ့ ဒိုင်လုပ်တဲ့သူတွေက အခြေခံဂီတပညာကို ကြေကြေညက်ညက် မသိကြဘူး၊ မသိကြဘဲနဲ့ ဒိုင်တွေလုပ်ကြတော့ အဲဒါ ကျင့်ဝတ်နဲ့မညီဘူးလို့ ကျွန်တော်ယူဆတယ်၊ အဲဒါကြောင့် သီချင်းတွေ ပေးမသုံးတာ၊ ဒါပေမယ့် ဒီလိုပြောတာကို တစ်ချို့တစ်မျိုးထင်မှာ ကျွန်တော်စိုးရိမ်တယ်။

ဘယ်အချက်တွေကို စိုးရိမ်တာလဲ။

တစ်ချို့ရှိတယ်လေ၊ မနာလိုလို့လား၊ ဒီနေရာကို လိုချင်လို့လား အဲဒီလိုမျိုးတွေ သိပ်ရှိတာ အခုတလောမှာ အခု နှစ်အနည်းငယ်အတွင်းမှာ လူတွေရဲ့ စိတ်ခံစားချက်က ပြောင်းသွားပြီ၊ သိပ်တွေးကြတယ်။ ကျွန်တော်ဟာ ဘယ်တော့မှ ဒိုင်သူကြီးအဖြစ် ပြန်လာပြီး လုပ်စားမယ့် လူမဟုတ်ဘူး၊ သီချင်းတောင် ပြန်လာပြီး ဆိုစားဖို့ မစီစဉ်ဘူး၊ ကျွန်တော့်ကို ငှားကြတယ်၊ ဒါပေမယ့် ကျွန်တော် ပြန်လာပြီး ဆိုမစားဘူး၊ အဲဒီတော့ ဒိုင်လုပ်ဖို့ ဆိုတာ အဝေးကြီးပဲ၊ ကျွန်တော်ဘာကြောင့် ဒီလိုခံယူချက်ထားလဲဆိုတော့ နောက်နောင် နှောင်းလူတွေလည်း ခံယူချက်ကလေးတွေနဲ့ အလုပ်လုပ်စေချင်တယ်၊ အနုပညာသမားကလည်း ခံယူချက်ကလေးနဲ့၊ ဒီရုပ်သံထုတ် လုပ်သူတွေ အစီအစဉ် စီမံခန့်ခွဲသူတွေကိုလည်း ခံယူချက်ကလေးနဲ့ လုပ်စေချင်တယ်၊ ဒိုင်တွေခန့်တဲ့အခါမှာ နာမည်ကြီးလို့ လူသိများလို့ ကိုယ်နဲ့အဆက်အသွယ်ရှိလို့ သြဇာကြီးတဲ့ အသိုင်းအဝိုင်းကမို့လို့ အဲဒီလို အဂတိတွေနဲ့ လုပ်ကြတာတော့ တော်တော် မကောင်းဘူးလို့ ကျွန် တော်ထင်တယ်၊ အဲဒါကြောင့် ကျင့်ဝတ်နဲ့မညီဘူးဆိုတာ ကျွန်တော် ပြောရတာ ဖြစ်တယ်၊ အဲဒါကြောင့်လည်း အဆို ပြိုင်ပွဲတွေကို မထောက်ခံရတာဖြစ်တယ်၊

 ဆောင်းဦးလှိုင် သီချင်းတွေကို ဆိုချင်သူတွေလည်း ရှိမှာပေါ့၊ ဆောင်းဦးလှိုင်ရဲ့ သီချင်းတွေကို ခွင့်မပြုဘူးဆိုတော့ ဆိုချင်တဲ့သူတွေကို ဘာပြောချင်သလဲ။

 ဒီကလေးတွေက ပြိုင်ပွဲကြောင့် တိုးတက်ကြီးပွားသွားတဲ့ ကလေးတစ်ချို့ကိုလည်း ကျွန်တော်တို့ တွေ့နေရတယ်၊ ဒါပေမယ့် ကျွန်တော်တို့မမေ့ဖို့က ပြိုင်ပွဲကြောင့် စိတ်ဒဏ်ရာရသွားတဲ့ စိတ်ဓါတ်ကျပြီး လွင့် ထွက်သွားတဲ့ ကလေးတွေလည်း အများကြီးရှိတယ်၊ အဲဒါကြောင့် အဆိုပြိုင်ပွဲတွေသည် အားသာချက်၊ အားနည်းချက်ရှိ နေတယ်၊ အောင်နိုင်သူ တွေ ပြိုင်ပွဲမှာ နိုင်သွားတဲ့သူတွေတော့ အဆင်ပြေသွားတယ်၊ မနိုင်တဲ့သူတွေတော့ စိတ်ဓါတ်ကျပြီး လွင့်စင် ထွက် သွားတဲ့ကလေးတွေ အများကြီး၊ အဲဒီတော့ ကလေး တစ်ချို့ ဘဝလေးတွေ အောင်မြင်တိုးတက်ဖို့၊ အနုပညာ လမ်းကြောင်းထဲ အလွယ်တကူဝင်ရောက်နိုင်ကြဖို့ ပြိုင်ပွဲ တွေ လိုအပ်တယ်ဆိုတာကိုလည်း ကျွန်တော်လက်ခံပါတယ်၊ အဲဒီကလေးတွေအတွက် ကျွန်တော့်သီချင်းတွေ သီဆိုယှဉ်ပြိုင်ချင်တယ်ဆိုရင်လည်း ကျွန်တော်ခွင့်ပြုပေးသင့်တယ်ဆိုတဲ့ ရှုထောင့်က ရှိတာပေါ့၊ ဒါပေမယ့် ကျွန်တော် တော်တော်ကြိုးစားအားထုတ် လေ့လာထားတာ တင်ပြချင်တယ်၊ အဲဒါကတော့ ဘာလဲဆိုတော့၊ အမေရိကန် အိုင်ဒေါဆိုတာက ပြိုင်ပွဲတွေအားလုံးရဲ့အခရာပဲ၊ အမေရိကားမှာ၊ အမေရိကန် အိုင်ဒေါက ကောင်းလှပါပြီဆိုတဲ့ ဒိုင်ချုပ်တွေက၊ ဟာ မင်းသီချင်းလာမဆိုနဲ့ မင်းမှာ သီချင်း လာဆိုလို့မရတဲ့ လူတစ်ယောက်ဆိုပြီး ငြင်းဆန်လိုက် ပြီးတော့မှ ကမ္ဘာကျော် ဒိတ်ဒိတ်ကြဲ ဖြစ်သွားတဲ့ အဆိုတော်တွေ တေးရေးတွေအများကြီးဗျ။ Winner က အဆိုပြိုင် ပွဲတစ်ခုမှာ ၃ ယောက်၊ လူသတိထားမိရင် ၁၀ ယောက်ပဲဗျ၊ လွင့်ထွက်သွားတာ ဘယ်နှယောက်ရှိမလဲ၊ အများစုက လွင့်ထွက်သွားတာ၊ အဲဒီလွင့်ထွက်သွားတဲ့ ကလေးတွေကို ကျွန်တော်က ပိုပြီးတော့ ပြောဆိုဆက်ဆံချင်တယ်၊ အားပေးစကားတွေ ပြောချင်တယ်။

ကျွန်တော့် သီချင်းတွေကို သီဆိုချင်ရင် ကျွန်တော့်ကို ဆက်သွယ်ပါ၊ အောင်မြင်သွားတဲ့ ကလေးတွေကိုလည်း ဂီတလမ်းကြောင်းကို ဘယ်လိုဖြတ်သန်းရမယ်၊ ရှုံးနိမ့်သွားတဲ့ ကလေးတွေကိုလည်း ဘယ်လို သီချင်းမျိုးတွေနဲ့လိုက်တယ် ကျွန်တော်တို့ အားပေးနိုင်မယ်၊ တခြားနေရာက ကျွန်တော့် သီချင်းတွေ ပြိုင်ပွဲမှာ ဆိုနေမှ မဟုတ်ဘူး၊ ကျွန်တော့်သီချင်းတွေကို ရွေးခြယ်သီဆိုတာထက် အရေးကြီးတဲ့ အကြံ ဉာဏ်တွေကောင်းတွေ၊ အထွေထွေဗဟုသုတတွေ ကျွန်တော်တို့ ပေးနိုင်တယ်။

ပြိုင်ပွဲတွေအပေါ်မှာ အစ်ကို ရှုမြင် ပုံက ဘယ်လိုဖြစ်မလဲ၊

အနုပညာသည် ယှဉ်ပြိုင်ရခြင်းလို့ ကျွန်တော်လုံးဝ အယုံအကြည်မရှိဘူး၊ အဆိုပြိုင်ပွဲတွေ ဆိုပြီးမှ အဆိုတော် ဖြစ်ရမယ်ဆိုတဲ့ကိစ္စ ကျွန်တော် လုံး ဝ အယုံအကြည်မရှိဘူး၊ ကျွန်တော်တို့ သူငယ်ချင်းတွေထဲမှာ စည်သူလွင် အကောင်းဆုံးပဲ၊ အဆိုပြိုင်ပွဲတွေထဲမှာလည်း နိုင်ခဲ့တဲ့သူ၊ ယနေ့တိုင်လည်း အဆိုအကောင်းဆုံးပဲ၊ အဲဒီ လိုဆို သူတစ်ယောက်တည်း အဆိုတော်ဖြစ်ရမှာပေါ့၊ ကျွန်တော်တို့က အဆိုတော် မဖြစ်ရတော့ဘူးလား၊ အဲဒီလို မဟုတ်ဘူးဗျ၊ အနုပညာက ယှဉ်ပြိုင်စရာမလိုဘူး၊ ကျွန်တော့် အမာခံပရိသတ်ရှိသလို ကိုဇော်ဝင်းထွဍ်အမာခံ ပရိတ်သတ်တွေ၊ ကိုအဲလက်စ်တို့ ကိုစည်သူလွင်တို့ အမာခံ ပရိတ်သက်တွေရှိမယ်၊ ကိုမျိုးကျော့မြိုင်ရဲ့ အမာခံပရိတ် သတ်တွေ ရှိမှာပဲ၊ လူတွေက သူတို့နှစ်သက်တဲ့အနုပညာကို ရွေးချယ်ပြီး သူတို့ အားပေးတာ၊

 

ဒီပြိုင်ပွဲတွေကရော ကလေးတွေအတွက် အနုပညာအောင်မြင်မှုက ရေရှည်ဖြစ်ပါ့မလား။

 

ကောင်းလိုက်တဲ့မေးခွန်းဗျာ၊ အခု လူတွေက လတ်တလော Winner နောက်ကိုပဲ လိုက် နေကြချိန်မှာ အရင် Winner အဟောင်းကလေးတွေက မှိန်ဖျော့သွားတယ်၊ သူတို့နာမည် တင်းတင်းရင်းရင်း ကျန်ခဲ့တာ အင်မတန်နည်းပါတယ်၊ ကျွန်တော်လေ့လာမိတာ၊ အမေရိကန် အိုင်ဒေါမှာတောင် တစ်ချို့ Winner တွေပဲ ကျန်တော့တာ၊ ဒါ ကမ္ဘာ့အဆင့်နော်၊ မြန်မာပြည်မှာကတော့ တိမ်ကောသွားတဲ့သူ အရေအတွက်က ပိုများပါ တယ်ဗျာ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required