ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လူငယ်များပါ၀င်နေ၍ အင်မတန်အားတက်ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လူငယ်များပါ၀င်နေ၍ အင်မတန်အားတက်ရကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော
ဓာတ်ပုံ-UEHRD

 

ဧပြီ ၂ ။                    ။ UEHRD ၏ ရခိုင်ပြည်နယ်ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအပေါ် လူငယ်များ ပါဝင်နေသည့်အတွက် အင်မတန် အားတက်ရကြောင်း ဒေါ်အောင်ဆန်းစုကြည်က   ပြောကြားသည်။

ဧပြီလ ၁ ရက်နေ့၊ နိုင်ငံတော် အစိုးရ တာဝန်ထမ်းဆောင်မှု (၂)နှစ်ပြည့် မိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) လုပ်ငန်းတွေ ဖြစ်မြောက် အောင်မြင်စေဖို့လည်း လူငယ်များ ကူညီပါဝင်နေတာ ကြောင့် အင်မတန်ကို အားတက်ရပါတယ်။ ကျွန်မတို့ လွတ်လပ်ရေးဖခင်ကြီးများ မျှော်မှန်းခဲ့တဲ့ တရားမျှတမှုနဲ့ လွတ်လပ်တဲ့ နိုင်ငံ၊ လူခပ်သိမ်းငြိမ်းချမ်းစေဖို့ ခွင့်တူညီမျှမှု အာမခံမယ့် ဖြူစင်တဲ့ဝါဒ ကျင့်သုံးတဲ့နိုင်ငံ အမှန်တကယ် ဖြစ်စေဖို့ စုပေါင်းအင်အားနဲ့ လုပ်ဆောင်ကြပါစို့ ”ဟု ထည့်သွင်းပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းဆောင်ရွက်မည့် “ပြည်သူ့အတွက် လူငယ် ရက်၂၀” အစီအစဉ်အား နိုဝင်ဘာလ ၉ ရက်တွင် စတင်လုပ်ဆောင်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့များ ပေးအပ်ခြင်း၊ အိမ်ထောင်စုစာရင်း ကောက်ယူခြင်းများ၊ အစားအသောက် ပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး တစ်ဖွဲ့လျှင် ရက် ၂၀ ဖြင့် မြန်မာနိုင်ငံဒေသအသီးသီးမှ အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား စေတနာ့ဝန်ထမ်း လူငယ်များ ဆောင်ရွက်ကြခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း၊လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံဖြိုးရေးစီမံကိန်း(UEHRD) တွင် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အဓိက ဆောင်ရွက်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required