အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၁၈,၂၀၀ကို ဗီယက်နမ်လွှတ်ပေး မည်ဖြစ်သော်လည်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူများမပါ

အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၁၈,၂၀၀ကို ဗီယက်နမ်လွှတ်ပေး မည်ဖြစ်သော်လည်းနိုင်ငံရေး တက်ကြွလှုပ်ရှားသူများမပါ

ဟနွိုင်း၊ သြဂုတ် ၂၈ ။         ။ ဗီယက်နမ်သည် ၎င်း၏လွတ်လပ်ရေးနေ့ အခမ်းအနားများ အထိမ်းအမှတ်အဖြစ် အကျဉ်းသား ၁၈,၂၀၀ကျော်ကို လွှတ်ပေးမည်ဖြစ်သော်လည်း နိုင်ငံ၏ ဒုတိယမြောက် အကြီးမားဆုံး လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ ပါဝင်မည် မဟုတ်သေးဟု သိရသည်။

စက်တင်ဘာ ၂ ရက်နေ့တွင်ကျရောက်သည့် ကွန်မြူနစ်နိုင်ငံ၏ နှစ် ၇၀မြောက် အမျိုးသားနေ့မတိုင်မီ သြဂုတ် ၃၁မှစ၍ အကျဉ်းသားများကို အသုတ်များခွဲ၍လွှတ်ပေးမည်ဖြစ်သည်။ " အကျဉ်းသား ၁၈,၂၉၈ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတက ဆုံးဖြတ်လိုက်တာပါ။ ဒါပေမဲ့ သူတို့ထဲက ဘယ်သူမှ အမျိုးသားလုံခြုံရေးကို ချိုးဖောက်တဲ့ပြစ်မှုကို ကျူးလွန်မထားပါဘူး " ဟုပြည်သူ့လုံခြုံရေး ဒု-ဝန်ကြီး လီကိုင်းဘောင်က ဟနွိုင်းတွင် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

လွှတ်ပေးမည့် အကျဉ်းသားများတွင် လူသတ်မှု၊ မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှုနှင့် လာဘ်ပေးလာဘ်ယူမှုတို့ဖြင့် ပြစ်ဒဏ်ချမှတ်ခံထားရသူများပါဝင်သည်။ သို့သော်လည်း နိုင်ငံတော်အား ဆန့်ကျင်ဝါဒဖြန့်မှု သို့မဟုတ် အစိုးရအားဖြုတ်ချရန်ကြိုးပမ်းမှုတို့ဖြင့် ပြစ်ဒဏ်ချခံထားရသူတို့မှာ လွှတ်ပေးမည့်စာရင်းထဲတွင် မပါဝင်ခဲ့ပေ။ တက်ကြွလှုပ်ရှားသူတို့အားနှိပ်ကွပ်ရာတွင် အဆိုပါစွဲချက်များကို အသုံးပြုလေ့ရှိသည်။

ဗီယက်နမ်၏ အကြီးမားဆုံးလွတ်ငြိမ်းချမ်းသာခွင့်ကို ၂၀၀၉ခုနှစ်က ပြုလုပ်ခဲ့ပြီး ထိုစဉ်က အကျဉ်းသား ၂၀,၅၉၉ ကိုလွှတ်ပေးခဲ့သည်ဟု အရာရှိများက ဆိုသည်။ ယခုနှစ်လွှတ်ပေးသည့် နိုင်ငံခြားသား ၃၄ ဦးတွင် လာအို ခြောက်ဦး၊ ကမ္ဘောဒီးယားတစ်ဦး၊ ထိုင်းတစ်ဦး၊ သြစတြေးလျနှစ်ဦး၊ တရုတ် ၁၆ ဦး၊ မလေးရှားခြောက်ဦးနှင့် ဖိလစ်ပိုင်နှစ်ဦးတို့ ပါဝင်မည်ဟု သိရသည်။ နိုင်ငံခြားသား အကျဉ်းသားမည် သည့်ပြစ်မှုဖြင့် ထောင်ဒဏ်မည်မျှကျခံနေရသည်ကို အရာရှိများက မပြောကြားခဲ့ပေ။

ဗီယက်နမ်သည် နိုင်ငံရေးသဘောကွဲလွဲသူများအပေါ်နှိပ်ကွပ်မှု၊ ဘာသာရေးလွတ်လပ်ခွင့်ချိုးဖောက်မှုတို့ပြုလုပ်နေသည်ဟု လူ့အခွင့်အရေးအုပ်စုများနှင့် အနောက်နိုင်ငံအစိုးရများက ဝေဖန်လျက်ရှိသည်။ အစိုးရနှင့် သဘောကွဲလွဲသူများစွာမှာ ဗီယက်နမ်ထောင်များထဲတွင် ရှိနေသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required