တစ်ဖက်နိုင်ငံကို ဆန့်ကျင်သော အဖွဲ့အစည်းများအား ထိုင်းနိုင်ငံမှ အားပေးမည်မဟုတ်

တစ်ဖက်နိုင်ငံကို ဆန့်ကျင်သော အဖွဲ့အစည်းများအား ထိုင်းနိုင်ငံမှ အားပေးမည်မဟုတ်
Photo - Myawady

သြဂုတ်  ၂၈ ။            ။ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို 'တစ်ဖက်နိုင်ငံကို ဆန့်ကျင်သောအဖွဲ့အစည်းများ' အား ထိုင်းနိုင်ငံမှ အားပေးမည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ကမြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်အား ပြောဆိုလိုက်သည်။

 နှစ်နိုင်ငံနယ်စပ်တွင် စက်မှုဇုန်များဖွင့်လှစ်ရန် ထိုင်းဘက်မှ အဆင်သင့်ဖြစ်နေပြီး မကြာမီမြန်မာနိုင်ငံဘက်ခြမ်း တွင် ဖွင့်လှစ်နိုင်ရန် မျှော်လင့်သည်ဟုလည်း ထိုင်းဝန်ကြီးချုပ် General Prayut Chan-o-cha ကပြောသည်။

ထိုင်းနိုင်ငံ၌ ကျင်းပမည့် တတိယအကြိမ်မြောက် ထိုင်း-မြန်မာ အဆင်မြင့်ကိုယ်စားလှယ်ကော်မတီ အစည်းအဝေး 3rd Thailand-Myanmar High Level Committee Meeting (HLC) သို့ တက်ရောက် ရန်ဘန်ကောက်မြို့သို့ ရောက်ရှိနေ သည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ပြောခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသည် ရေဘေးအန္တရာယ် အတွေ့အကြုံရှိသဖြင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အရေးကြီး ကြောင်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုသည်။ ထို့ပြင် ရွေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ရေး ကိစ္စ အတွက် နှစ်နိုင်ငံ ပူးပေါင်း၍ အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး နယ်စပ်လုံခြုံရေးအတွက်လည်း ပူးပေါင်းသွားမည်ဟုဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၂၇ ၌ နေပြည်တော်မှ မြန်မာ့ တပ်မတော် အထူးလေယာဉ်ဖြင့် ထွက်ခွာသွားပြီး ဘန်ကောက် ဒွန်မောင်းလေဆိပ်ရှိ ထိုင်းဘုရင့်လေတပ် Wing-6 မှတစ်ဆင့် ထိုင်းဝန်ကြီးချုပ်ထံ သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်နှင့်တွေ့ဆုံရာတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ သံအမတ် ဦးဝင်းမောင်၊ မြန်မာ့တပ်မတော်အရာရှိကြီးများ၊ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Warapong Sanganetra အပါအဝင် ထိုင်းဘုရင့်တပ်မှ အရာရှိကြီးများလည်း တက်ရောက်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သဘာဝရေဘေးသင့်ပြည်သူများအတွက် ထိုင်းအစိုးရမှ ဘတ်ငွေ ၁၈ သန်းနှင့် ပစ္စည်းများ ပေးပို့လှူဒါန်းခြင်း၊ ဆေးဝန်ထမ်းများစေလွှတ်မှုများအတွက် ကျေးဇူးတင် အသိမှတ်ပြုပြောသည်။

ဧရာဝတီတိုင်း ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ရန် ထိုင်းဆေးဝန်ထမ်းအဖွဲ့သည် သြဂုတ် ၂၇ တွင် ဘုရင့်တပ်မတော်လေယာဉ်ဖြင့် မင်္ဂလာဒုံလေဆိပ်မှ တစ်ဆင့်မြန်မာနိုင်ငံ သို့ရောက်ရှိနေသည်။

ဗိုလ်ချုပ်မှူးကြီးသည် ထိုင်းစံတော်ချိန် မွန်းလွဲပိုင်း၌ ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ General Prem Tinsulanonda အား ဘန်ကောက်မြို့ရှိ နေအိမ်၌ ဂါရဝပြုတွေ့ဆုံသည်။ ဗိုလ်ချုပ်မှူးကြီးနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာသံအမတ် ဦးဝင်းမောင်၊ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ချစ်ဆွေ တို့ တက်ရောက် သည်။

နှစ်နိုင်ငံတည်ငြိမ်ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရန်၊ ဒီမိုကရေစီလမ်းတွင် နိုင်ငံနှင့်ကိုက်ညီမည့်လမ်းကြောင်းလျှောက်ရေး၊ သဘာဝဘေးအန္တရာယ်အတွက် အစိုးရ၊ တပ်မတော်နှင့် ပြည်သူများ ပူးပေါင်းလက် တွဲဖြေရှင်းရေးတို့ ဆွေးနွေးကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့တွင် အဖွဲ့ဝင်များအဖြစ် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်၊ ဗိုလ်ချုပ်ဆန်းဦးနှင့် တပ်မတော်အရာရှိကြီးများ လိုက်ပါသွားသည်။

ထိုင်းနိုင်ငံ မဲဆောက်နှင့် မြန်မာနိုင်ငံ မြဝတီ နယ်စပ်မြို့များကို ဖြတ်သွားမည့် အာရှအဝေးပြေး ကားလမ်းသစ်ဖွင့်ပွဲကို မြဝတီ၌ သြဂုတ် ၃၀ရက်နေ့တွင် နှစ်နိုင်ငံပူးတွဲကျင်းပမည်ဖြစ်ပြီး ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်း၊ ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ် ဆုမ်ခစ်ကျတူစီဖိထပ်၊ KNU ဥက္ကဌ စောမူတူးစေးဖိုးတို့က ဖွင့်ပွဲမိန့်ခွန်းပြောကြားကြမည်ဟု သတင်းများထွက်နေသည်။

Ref; Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly