ကော့သောင်းဒေသထွက် ကနုကမာ လက်မှုပညာ အချောထည်များ ခရီးသွားလုပ်ငန်း ဈေးကွက်ကို မှီခိုနေရ

.

ကော့သောင်း၊ ဧပြီ ၁ ။           ။ ကော့သောင်းဒေသ၏ အဓိကထွက်ရှိသော မုတ်ခွံကုန်ကြမ်းများကို ပြုလုပ်သော ကနုကမာ အချောထည် လက်မှုပညာလုပ်ငန်းများသည်၊ ခရီးသွားလုပ်ငန်းကို အဓိကထား မှီခိုနေရကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်၊ ၇ မိုင် မြို့ပတ်လမ်း၊ ရွှေပြည်စိုးကျေးရွာတွင် ဒေသထွက် ပုလဲနှင့် ကနုကမာ အလှကုန် လုပ်ငန်း တစ်ခုဖြစ်သည့် လက်မှု ပညာများသည်၊ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် ပြည်တွင်း/ ပြည်ပ ခရီးသွားလုပ်ငန်းတွေရဲ့ ဈေးကွက်ကို မီခိုနေရကြောင်း ယင်း လုပ်ငန်းကို လုပ်ကိုင်သူများထံ မှ သိရ သည်။

မုတ်ကောင်ခွံ ကုန်ကြမ်း ကနုကမာ လက်မှုပညာ သည်၊ လွန်ခဲ့သော ဆယ်စုနှစ် ၀န်းကျင်က မြိတ်မြို့နှင့် ကော့သောင်းမြို့နယ်တို့မှာ အများဆုံး ထုတ်လုပ်လျက်ရှိပြီး၊ လက်ရှိမှာတော့ ကော့သောင်းမြို့နယ် တစ်ခုတည်း သာ လုပ်ကိုင်သူတွေ ကျန်ရှိနေတာ ဖြစ် သည်။

“လက်ရှိကတော့ ဒီလုပ်ငန်းကို လုပ်ကိုင်ကြတဲ့ သူတွေက ကော့သောင်းမြို့နယ်မှာပဲ ရှိတော့တာပါ၊ ဒီမှာလည်း ရုံကြီးဆိုလို့ ကျွန်မတို့ နမ့်ခုံးရုံပဲ ရှိပါတယ်၊ ကျန်တဲ့ ရုံတွေကတော့ ရုံသေးသေးလေးတွေပါ ” ဟု နမ့်ခုံး ပုလဲနှင့် ကနုသမာအလှကုန်လုပ်ငန်း ပိုင်ရှင် ဒေါ်ခင်ဘုန်းက ပြောသည်။

ကနုကမာအလှကုန် လက်မှုပညာ လုပ်ငန်းသည်၊ အဓိက ကုန်ကြမ်းဖြစ်သည့် မုတ်ကောင်ခွံကို အစိုးရ၏ မြန်မာ့ပုလဲ ထုတ်လုပ်ရေးမှာ တင်ဒါဆွဲပြီး၊ ကုန်ကြမ်းများကို ၀ယ်ယူရ၍ အခက်အခဲရှိတာကြောင့် တစ်ပိုင် တစ်နိုင် လက်မှုပညာရှင် အများစုက ယင်း လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်ဖို့ ဆိုတာ ငွေရေးကြေးရေး မြောက်များစွာ ရှိပါမှ လုပ်ကိုင်လို့ ရကြောင်း ပြောဆိုကြသည်။

“ ဒီတစ်နှစ်ကတော့ ခရီးသွားလုပ်ငန်းတွေ အောင်မြင်လာတော့ ကျွန်မတို့ ကနုကမာ လက်မှုပညာ အချောထည် လုပ်ငန်းရုံကို ပြည်တွင်/ ပြည်ပ ခရီးသွား ဧည့်သည်တွေ လာရောက် လေ့လာသူတွေ များလာသလို စိတ်ဝင်စားမှုတွေလည်း မြင့်တက်လာပါတယ်၊ နောက်ပြီး ဒီလက်မှု ပညာပစ္စည်းလေးတွေကို ၀ယ်ယူသူတွေလည်း များလာတယ် ” လို့ ဒေါ်ခင်ဘုန်းက ပြောသည်။

ပုလဲနှင့် ကနုကမာအလှကုန်လုပ်ငန်းမှ ထွက်ရှိသော ပစ္စည်းများမှာ ပန်းချီကား၊ ဘုရားပလ္လင်တော်၊ မှန်ခုံ၊ ဆွမ်းအုပ်၊ သော့ချိတ်၊ စွန်းနှင့် အခြား လူအသုံးဆောင်ပစ္စည်း မျိုးပေါင်း ၃၀၀ နီးပါး ထုတ်လုပ်ကာ ပစ္စည်းတစ်ခု အနည်းဆုံး မြန်မာကျပ်ငွေ ၅၀၀ မှ ဆယ်သိန်းကျပ်အထိ ရှိကြောင်း သိရသည်။

ကနုကမာ အချောထည်များကို လက်ရှိတွင် ဧည့်သည်တွေ ၀င်/ ထွက် များလာတာကြောင့် ယခင်ကထက် အရောင်း/ ၀ယ် ပိုများလာကြောင်း ယင်း ဈေးကွက်အတွင်းမှ သိရသည်။