တောင်ကိုရီးယားနှင့် သဘောတူညီချက်အား သမိုင်းဝင် သဘောတူညီချက် အဖြစ်မြောက်ကိုရီးယားခေါင်းဆောင် ကြိုဆို

တောင်ကိုရီးယားနှင့် သဘောတူညီချက်အား သမိုင်းဝင် သဘောတူညီချက် အဖြစ်မြောက်ကိုရီးယားခေါင်းဆောင် ကြိုဆို

ဆိုးလ်၊ သြဂုတ် ၂၈ ။       ။ ယခုသီတင်းပတ်တွင် ပြိုင်ဘက်ကိုရီးယားနှစ်နိုင်ငံကြား သဘောတူညီချက်ရရှိခြင်းမှာ သမိုင်းဝင်အခါသမယဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က ကြိုဆိုလိုက်ရာ စစ်ရေးတင်းမာမှုလျော့ကျရေးနှင့် ဆက်ဆံရေးတိုးတက်မှုအတွက် လမ်းခင်းပေးခဲ့သည်။ သို့သော်လည်းယင်းသို့ သဘောတူညီချက်ရရှိခဲ့ခြင်းမှာ ၎င်း၏စစ်တပ်က အင်အားတောင့် တင်းခြင်းကြောင့်သာ ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားသည် နယ်စပ်ဒေသတွင် အမြောက်များဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ တင်းမာမှုကို မြင့်မားစေခဲ့သည့် စစ်ရေးအရလိပ်ခဲတည်းလည်းဖြစ်နေမှုကို သြဂုတ် ၂၅က အဆုံးသတ်ရန် သဘောတူညီမှုရရှိခဲ့သည်။ နှစ်ဖက်စလုံးက ဆက်ဆံရေးတိုးတက်ရန် ရည်ရွယ်ချက်ဖြင့် ပြသနာများစွာကို ဆွေးနွေးရေး ဒိုင်ယာလော့ဂ်လမ်းကြောင်းသစ်တစ်ခုဖွင့်ရန်လည်း သဘောတူညီမှု ရရှိခဲ့ရာ ၂၀၁၀ပြည့်နှစ်ကတည်းက ပြတ်တောက်နေခဲ့သည့် အပြန်အလှန်သွားရောက်မှုများနှင့် ဆွေးနွေးပွဲများပြန်လည်ပြုလုပ်ရေး တွန်းအားသစ်တစ်ခုအတွက် မျှော်လင့်ချက်များ မြင့်မားလာခဲ့သည်။

သဘောတူချက်ရရှိခဲ့ခြင့်းက အရေးပါသည့် သမိုင်းဝင်အခါသမယဖြစ်ပြီး အန္တရာယ်ရှိသော စစ်ရေးတင်းမာမှုကိုလျှော့ချပစ်ပြီး ဆိုးဝါးနေသော ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်ရင်ကြားစေ့ရေးနှင့် ယုံကြည်မှုတည်ဆောက်ရေးလမ်းကြောင်းပေါ်သို့တင်ပေးလိုက်ခြင်းဖြစ်ကြောင်း ကင်ဂျုံအွန်က ၎င်း၏စစ်ဘက်လက်ထောက်များနှင့် ပြုလုပ်သည့် အစည်းအဝေးတစ်ခု တွင်ပြောကြားခဲ့မှု အားမြောက်ကိုရီး ယား၏နိုင်ငံပိုင် ကေစီအဲန်အေက သြဂုတ် ၂၈တွင် အစီရင်ခံခဲ့သည်။

ယခုကဲ့သို့ သဘောတူညီချက်ရရှိခြင်းမှာ ကွန်မြူနစ်ပါတီကြီးက တည်ဆောက်ခဲ့သော ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးအတွက် နျူကလီးယားလက်နက်နှင့်အတူ ကြီးမားသော စစ်တပ် အင်အားကြောင့်ဖြစ်ကြောင်းလည်း ကင်ကပြောသည်ဟု ကေစီအဲန်အေက ဖော်ပြသည်။

မြောက်ကိုရီးယား၏ အာဏာရပါတီ Workers' Party of Korea ၏ဗဟိုစစ်ကော်မရှင် အစည်းအဝေးတစ်ခုတွင် ကင်က ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့်သီတင်းပတ်ကလည်း ကင်ဦးဆောင်သည့် ဗဟိုစစ်ကော်မရှင်အစည်းအဝေးကလည်း ဆိုးလ်အနေဖြင့် ဝါဒဖြန့်ချိသည့် အသံချဲ့စက်များမရပ်ပါက စစ်ရေးအရအရေးယူမည်ဟု သတိပေးခဲ့သည်။

ကွဲကွာနေသော မိသားစုများ ပြန်လည်ပေါင်းစည်းရေး ဆွေးနွေးရန် စက်တင်ဘာလ ၇ ရက်တွင် နယ်စပ်ရှိ ပန်မွန်ဂျွမ်ရွာတွင် လုပ်ငန်းလုပ်ဆောင်မှု အဆင့်ဆွေးနွေးပွဲ များကျင်းပ ရန်မြောက်ကိုရီးယား သို့ပေးပို့ခဲ့သည့် မက်ဆေ့ဂျ်တစ်ခုတွင် တောင်ကိုရီးယားကြက်ခြေနီအဖွဲ့က အဆိုပြုခဲ့သည်ဟု တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဋ္ဌာနက သြဂုတ် ၂၈ တွင် ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၂၅က သဘောတူချက်တွင် ၁၉၅၀-၅၃ကိုရီးယားစစ်ပွဲအတွင်းက ကွဲကွာခဲ့သော မိသားစုများပြန်လည်ပေါင်းစည်းရေးဆွေးနွေးဆောင်ရွက်ရန်လည်းပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required