၂၀၂၀ ရွေးကောက်ပွဲ တရားသောနည်းလမ်းဖြင့် အနိုင်ယူမည်ဟု ဒေါက်တာဇော်မြင့်မောင် ပြော

၂၀၂၀ ရွေးကောက်ပွဲ တရားသောနည်းလမ်းဖြင့် အနိုင်ယူမည်ဟု ဒေါက်တာဇော်မြင့်မောင် ပြော

မန္တလေး မတ် ၃၁ ။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် နိုင်ဖို့ အရေးကြီးပြီး တရားသောနည်းနှင့်ယှဉ်ပြိုင်ကာ အနိုင်ရအောင်ယူသွားမည်ဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

ယနေ့ မတ်လ ၃၁ ရက်၊ နံနက် ၁၀ နာရီက မန္တလေးမြို့၊ မြို့တော်ခန်းမ၌ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံတွင် အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

"၂၀၂၀မှာ နိုင်ဖို့ အရေးကြီးပါတယ်။ အဲဒါကလည်း မစ်ရှင်တစ်ခုလို ဖြစ်လာမှာပဲ။၂၀၂၀ နိုင်ကိုနိုင်မှဖြစ်မယ်။ နိုင်အောင်လုပ်ရမယ်။ တရားသောနည်းနဲ့ယှဉ်ပြိုင်မယ်။ အနိုင်ရအောင် ယူကိုယူရမယ်"ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

၂၀၂၀ရွေးကောက်ပွဲနိုင်မှသာလျှင် ဒီမိုကရေစီ စပြီးအမြစ်တွယ်မှာဖြစ်ကြောင်း၊ ထိုသို့ ဒီမိုကရေစီ အမြစ်တွယ်လာပြီးလျှင် အသီးအပွင့်ရရှိအောင် ၂၀၂၅တွင် ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပြီး ၎င်းအချိန်တွင် လူငယ်များ၏ အခန်းကဏ္ဍရောက်ရှိလာမည်ဟုလည်း ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။

ဆက်လက်၍ ဒေါက်တာဇော်မြင့်မောင်က " ဒါကြောင့် ဒီနေ့ရလာတဲ့အခွင့်အရေးကို အမိအရဆုပ်ကိုင်ပါ။ နိုင်ငံရေးသီလ လုံခြုံအောင်လုပ်ပါ။ ကိုယ့်ကိုကိုယ် အခုကတည်းက နိုင်ငံရေးဝမ်းစာ ဖြည့်ထားပါ။ ဒါမှသာလျှင် ကျွန်တော်တို့ လူကြီးတွေလည်း ခင်ဗျားတို့ လူငယ်တွေတော်တယ်။ တိုးတက်တယ်။ ဖွံ့ဖြိုးတယ်ဆိုရင် ကျွန်တော်တို့တွေအားလုံးလည်း စိတ်ချလက်ချ နဲ့ ခင်ဗျားတို့ဆီကို လက်လွှဲနိုင်မှာဖြစ်ပါတယ်"ဟု  ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သမိုင်းရေးထိုးရာတွင် လူငယ်များပါ ပါစေချင်သောကြောင့် ရိုးရိုးသားသားကြိုးစားရန်လိုအပ်ပြီး တိုင်းအတွက်တွင်သာမဟုတ်ဘဲ နိုင်ငံ့အတွက် အားထားရမည့် လူငယ့်ခေါင်းဆောင်များ ပေါ်ထွက်လာစေချင်သည်ဟု ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required