အင်ဒိုနီးရှားစစ်တပ်က အိမ်များကို ဖြိုချဖျက်ဆီးခဲ့သည့်အတွက် မိသားစု ၂၁စုက ဂျိုကိုဝီကို တရားစွဲ

အင်ဒိုနီးရှားစစ်တပ်က အိမ်များကို ဖြိုချဖျက်ဆီးခဲ့သည့်အတွက် မိသားစု ၂၁စုက ဂျိုကိုဝီကို တရားစွဲ

ဂျာကာတာ၊ သြဂုတ် ၂၈ ။         ။ အင်ဒိုနီးရှားစစ်တပ်က ၎င်းတို့၏ နေအိမ်များကိုဖြိုချခဲ့သည့်အတွက် ဗဟိုဂျာဗား ရှိဆေမာရန်မှ မိသားစု ၂၁စုသည် သမ္မတဂျိုကိုဂျိုကိုဝီ ဝီဒိုဒိုကို တရားစွဲလိုက်သည်။

တရားစွဲဆိုမှုကို ဆေမာရန်ခရိုင်တရားရုံးတွင် သြဂုတ် ၂၆က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ "တရားစွဲဆိုမှုက သမ္မတကို ဦးတည်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူက စစ်တပ်ရဲ့အမြင့်ဆုံးဖြစ်နေလို့ပါ"ဟု ထိုမိသားစုများ၏ ရှေ့နေ ဂျိုးဆက်ပါရေရာ၏ ပြောကြားချက်ကို သြဂုတ် ၂၇က tribunnews.com တွင်ဖော်ပြခဲ့သည်။

တရားစွဲဆိုမှုက ဦးတည်နေသူများမှာ အင်ဒိုနီးရှားစစ်တပ်၏ အကြီးအကဲ၊ စစ်ဦးစီးချုပ်နှင့် ဗဟိုဂျာဗားရှိ ဒီပိုနေဂိုရိုမှ ဒေသဆိုင်ရာစစ်ဋ္ဌာနချုပ် အမှတ်-၄ တပ်မှူးတို့သို့ဖြစ်ကြောင်း ဂျိုးဆက်က ရှင်းပြသည်။

မိသားစုများက တရားစွဲခြင်းမှာ ၎င်းတို့၏ အိမ် ၂၁လုံးကို ဖျက်ဆီးရန် စစ်တပ်တွင် ဥပဒေအရ လုပ်ပိုင်ခွင့်မရှိသောကြောင့် ဖြစ်သည်ဟု ဂျိုးဆက်က ပြောသည်။ မြေအကျယ်အဝန်း စတုရန်းမီတာ ၆,၄၀၀ပေါ်ရှိ အိမ်များတွင် ယင်းမိသားစုများမှာ ၁၉၅၀ပြည့်လွန်နှစ်များကတည်းက နေထိုင်ခဲ့ကြသည်ဟု သိရသည်။

၎င်းတို့အနေဖြင့် မြေကို အမျိုးသားမြေယာအေဂျင်စီသို့ လွှဲပေးခဲ့ရသည်ဟု စစ်တပ်ပြောကြားသော်လည်း ယခုအချိန်အထိ မြေလွှဲပေးသည့် အချက်အလက်များမရှိဟု ဂျိုးဆက်က ဆိုသည်။

ပစ္စည်းဆုံးရှုံးမှုများအတွက် ရူပီးယား ၁၀ဒသမ၆ဘီလျံအပါအဝင် စုစုပေါင်းလျော်ကြေးငွေ ရူပီးယား ၂၁ဒသမ၁ဘီလျံ(အမေရိကန်ဒေါ်လာ ၁ဒသမ၅သန်း)ရလိုကြောင်း မိသားစုများက တောင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required