အမေရိကန်ကို ထွက်ခွာသွားတဲ့ အီဘရာဟီမိုဗစ်ချ်နဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရတဲ့ မော်ရင်ဟို

အမေရိကန်ကို ထွက်ခွာသွားတဲ့ အီဘရာဟီမိုဗစ်ချ်နဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရတဲ့ မော်ရင်ဟို
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာယူနိုက်တက် နည်းပြ ဟိုဆေး မော်ရင်ဟိုက အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး အမေရိကန် မေဂျာလိဂ်မှာ ကစားဖို့ ထွက်ခွာသွားခဲ့တဲ့ တိုက်စစ်မှူးကြီး ဇလာတန် အီဘရာဟီမိုဗစ်ချ်နဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ထိပ်တန်းကစားသမားတွေရဲ့ ကစားသမားဘဝ အဆုံးသတ်ပိုင်းကို ရောက်ရှိချိန်တိုင်း ကျနော့်အတွက် အမြဲစိတ်မကောင်းဖြစ်ရပါတယ်။”လို့ မော်ရင်ဟိုက သောကြာနေ့က မေဂျာလိဂ်ရဲ့ အကြီးဆုံးကလပ်တစ်သင်းဖြစ်တဲ့ LA Galaxy အသင်းဆီ ပြောင်းရွှေ့သွားတဲ့ အီဘရာဟီမိုဗစ်ချ်နဲ့ ပတ်သတ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ဥပမာတစ်ခုနေနဲ့ ကျနော် အမှတ်ရမိတာက အင်တာမီလန်ကို ကိုင်တွယ်တုန်းက လူးဝစ်ဖီဂိုရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်ပါတယ်။ ဖီဂိုကတော့ ကျနော် အမြဲမှတ်မိနေသမျှထဲမှာ ဝမ်းနည်းဖို့ အကောင်းဆုံးအခိုက်အတန့်ထဲက တစ်ခုပါပဲ။ သူ့တို့ရဲ့ ကစားသမားဘဝ နောက်ဆုံး နေဝင်ချိန် ဒါမှမဟုတ် ထွက်ခွာဖို့ အချိန်ရောက်ချိန်တိုင်း ကျနော် အမြဲတမ်း အရမ်း ဝမ်းနည်းခံစားရပါတယ်။”လို့ ပေါ်တူဂီလူမျိုးနည်းပြ က သတင်းထောက်တွေကို ပြောပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီဘရာဟီမိုဗစ်ချ်ဟာ အမေရိကန်ကို ပြောင်းရွှေ့ဖို့အတွက် မတ်လ ၂၂ ရက်က မန်ယူအသင်းနဲ့ ၃ လသက်တမ်း ကျန်ရှိနေသေးတဲ့ သူ့ရဲ့ စာချုပ်ကို နှစ်ဖက်သဘောတူ ဖျက်သိမ်းခဲ့ပါတယ်။

တိုက်စစ်မှူးကြီးဟာ ဒီဇင်ဘာလ ၂၆ ရက်က ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒုတိယပိုင်း လူစားဝင်ကစားသမားအဖြစ် ဝင်ရောက်ကာ မန်ယူအသင်းအတွက် နောက်ဆုံးပွဲစဉ်အဖြစ် ကစားပေးခဲ့ပါတယ်။

၂၀၁၆ ခုနှစ်က ပီအက်စ်ဂျီအသင်းမှ အလွတ်နဲ့ မန်ယူအသင်းဆီ ပြောင်းရွှေ့ခဲ့တဲ့ အီဘရာဟီမိုဗစ်ချ်ဟာ မန်ယူအသင်းအတွက် ၅၃ ပွဲကစား၊ ၂၉ ဂိုး သွင်းယူပေးခဲ့ပြီး လိဂ်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်အောင် ကူညီကစားပေးခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီရာသီမှာ သူဟာ ဒဏ်ရာကြောင့် ၇ လလောက် အနားယူခဲ့ရပြီး ပွဲထွက်စာရင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရပါတယ်။

“ဥရောပဘောလုံးလောက ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက်ကို ဆုံးရှုံးခဲ့ရပါပြီ။ သူဟာ ဒီအဆင့်ကို ပြန်လာနိုင်မှာမဟုတ်တဲ့အတွက်ကြောင့်ပါ။”လို့ မော်ရင်ဟိုက ဆိုပါတယ်။

“ဇလာတန်အတွက် ကလက်ဆီအသင်းဟာ အလွန်ကောင်းမွန်သလို အမေရိကန်ဘောလုံးလောကအတွက်ပါ အလွန်ကောင်းမွန်တဲ့အရာပါ။ ဘာလို့လဲဆိုတော့ အမေရိကန်တွေဟာ ဇလာတန်ရဲ့ ဘောလုံးအပေါ် စိတ်အားထက်သန်မှု၊ ပုဂိုလ်ရေးဆိုင်ရာ ဆွဲဆောင်မှု၊ သူ့ရဲ့ ကျွမ်းကျင်မှုတွေဆီကနေ အများကြီး သင်ယူနိုင်မှာမို့ပါ။”လို့ မန်ယူနည်းပြက ပြောပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags