လာမယ့်နှစ်ရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ဆက်ရှိနေဖို့ စိတ်အားထက်သန်နေတဲ့ ဇီဒန်း

လာမယ့်နှစ်ရာသီမှာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ဆက်ရှိနေဖို့ စိတ်အားထက်သန်နေတဲ့ ဇီဒန်း
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ်နည်းပြ ဇီဒန်းက လာမယ့်နှစ်ရာသီမှာလည်း စပိန်ကလပ်မှာ ဆက်ရှိနေဖို့ ဆန္ဒရှိတယ်လို့ သောကြာနေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလက စပိန်နည်းပြ ရာဖေးလ်ဘင်နီတက်ဇ်ရဲ့  ရီးယဲလ်နည်းပြနေရာကို ဝင်ရောက်လာခဲ့တဲ့ ဇီဒန်းဟာ ကလပ်အသင်းအတွက် ချန်ပီယံလိဂ်ချန်ပီယံဖလား နှစ်ကြိမ်ဆက် ရယူပေးနိုင်ခဲ့သလို လာလီဂါဖလား တစ်ကြိမ်အပါအဝင် အခြားအောင်မြင်မှုများစွာ ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

“ကျနော် လာမယ့်ရာသီ ရီးယဲလ်မက်ဒရစ်မှာပဲ နည်းပြ လုပ်လိုပါသေးတယ်။ ကျနော့်က ဘောလုံးကို နှစ်သက် သဘောကျပါတယ်။ ကျနော်လုပ်ခဲ့တာတွေနဲ့ လုပ်နေတာတွေကိုလည်း ဆက်ပြီး လုပ်ဆောင်ချင်ပါတယ်။ ဒါပေမယ့် ဘောလုံးလောက ဘာတွေလဲဖြစ်နိုင်တယ်ဆိုတာ ကျနော်တို့ ကြိုသိပြီးသားပါ။”လို့ ဇီဒန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော့်စိတ်ကူးအယူအဆက တတ်နိုင်သမျှ ဒီမှာပဲ ဆက်ပြီး နေနိုင်ဖို့ပဲဖြစ်ပါတယ်။ ဒီမှာက လူတိုင်း ရလဒ်တွေအပေါ်မှာ မူတည်နေပါတယ်။ ရီးယဲလ်လိုအသင်းမျိုးက တောင်းဆိုမှုမြင့်မားတဲ့ ကလပ်အသင်းတစ်ဖြစ်ပြီး  ကျနော်ဘယ်နေရာမှာ ရှိနေလဲဆိုတာလည်း သိထားပါတယ်။”လို့ သူက ဆက်ပြောပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ လာလီဂါအမှတ်ပေးဇယားမှာ ရှုံးပွဲမရှိ ဦးဆောင်နေသူ ဘာစီလိုနာရဲ့အောက် (၁၅)မှတ်အကွာ ရမှတ် (၆၀)ဖြင့် တတိယနေရာမှာ ရပ်တည်နေပြီး စပိန်ဘုရင့်ဖလား ကွာတားဖိုင်နယ်မှာ လီဟာနက်စ်အသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှာ ထွက်ခွာခဲ့ရတာကြောင့် ပြည်တွင်းဖလားတစ်လုံးကို လက်လွှတ်ခဲ့ရပြီးဖြစ်ပါတယ်။

ဒါပေမယ့် ဇီဒန်းရဲ့ အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အသက်ဆက်နေပြီး ကွာတားဖိုင်နယ်မှာတော့ ဂျူဗီတပ်စ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

(EFE-EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required