အမေရိကန် ကောင်စစ်ဝန်ရုံးကို ပိတ်ကာ သံတမန် ၆၀ ကို ရုရှ ပြည်နှင်

အမေရိကန် ကောင်စစ်ဝန်ရုံးကို ပိတ်ကာ သံတမန် ၆၀ ကို ရုရှ ပြည်နှင်

မော်စကို၊ မတ် ၃၀ ။            ။ ရုရှနိုင်ငံအနေဖြင့် အမေရိကန်သံတမန် ၆၀ ကို ပြည်နှင်ပြီး စိန့်ပီတာစဘတ်ရှိ ကောင်စစ်ဝန်ရုံးကိုပါ ပိတ်မည်ဖြစ်ကြောင်း ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်က မတ် ၂၉ ရက်တွင် ပြောသည်။

နှစ်ဖက်ချွန် ရုရှစပိုင်ဟောင်း လုပ်ကြံခံရမှုတွင် ရုရှအပေါ် အရေးယူမှုများအား တူသော တုံ့ပြန်မှုအဖြစ် ယခုကဲ့သို့ လုပ်ဆောင်ခြင်ဖြစ်သည်။
 
ထို “လက်တုံ့ပြန်သည့် လုပ်ဆောင်ချက်”ကို အမေရိကန်သံအမတ်ကြီးဖြစ်သူထံ အကြောင်းကြားထားပြီးကြောင်း၊ ရုရှသံတမန်များ နှင်ထုတ်ခံရသည့် အရေအတွက်အတိုင်း အမေရိကန်သံတမန်များအား ပြန်လည်နှင်ထုတ်ခြင်းနှင့် စိန့်ပီတာစဘတ်က အမေရိကန်ကောင်စစ်ဝန်ရုံးကို ပိတ်ခိုင်းရန် ဆုံးဖြတ်ချက် ချခြင်းသည် ကျွန်တေ်ာတို့၏ တူသော တုံ့ပြန်မှုပဲ ဖြစ်ကြောင်း ဆာဂျီလက်ဗ်ရော့ဗ်က ဆိုသည်။
 
အမေရိကန်သည် အစောပိုင်းက ရုရှသံတမန် ၆၀ ကို ပြည်နှင်မိန့်ထုတ်ခဲ့ကာ ဆီယက်တဲလ်ရှိ ရုရှကောင်စစ်ဝန်ရုံးကိုလည်း ပိတ်ခိုင်းခဲ့သည်။
 
ဗြိတိန်ကို များစွာထောက်ခံပြီး ရုရှသံတမန်များကို ပြည်နှင်သည့် အခြားသောနိုင်ငံများကိုလည်း ယခုကဲ့သို့ပင် တူညီသော တုံ့ပြန်မှုဖြင့် အရေးယူသွားမှာဖြစ်ကြောင်းလည်း ဆာဂျီလက်ဗ်ရော့ဗ်က ဆိုသည်။
 
အင်္ဂလန်တွင် ရုရှစပိုင်ဟောင်းအား ဓာတုအဆိပ်ဖြင့် လုပ်ကြံခံရခြင်းအတွက် ဗြိတိန်က ရုရှကို အပြစ်ဆိုကာ အရေးယူလုပ်ဆောင်လာခြင်းအား အမေရိကန်အပါအဝင် အခြားမဟာမိတ်နိုင်ငံများကပါ ဗြိတိန်ဖက်က ပါလျက် ရုရှအပေါ် အရေးယူဆောင်ရွက်လာကြခြင်းဖြစ်သည်။
 
“ကျန်တဲ့ အခြားနိုင်ငံတွေလည်း ရုရှသံတမန်တွေကို နှင်ထုတ်တဲ့ အရေအတွက်အတိုင်း တူတဲ့ အရေအတွက်နဲ့ သံတမန်တွေ နှင်ထုတ်ပြီး တုံ့ပြန်သွားမှာဖြစ်ပါတယ်။”ဟု ဆာဂျီလက်ဗ်ရော့ဗ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required