ရန်ကုန်၊ မတ် ၂၉ ။ ။ အစိုးရဘက်မှနေ၍ တရားဝင်ဖိတ်ကြားလွှာကိုလက်ခံရရှိပါက တတိယအကြိမ်ကျင်းပရန်ရှိနေသည့် ၂၁ ပင်လုံညီလာခံကို အဖွဲ့ဝင်များအားလုံးစုံစုံညီညီ တတ်ရောက်သွားမည်ဟု ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ၏ အမြဲတမ်းကော်မတီအစည်းဝေးမှ ဆုံးဖြတ်လိုက်သည်။
ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) သည် “ဝ” မှဦးဆောင်ထားပြီး အစိုးရ၏ အပစ်ရပ်စာချုပ် (NCA) ကိုလက်မခံဘဲနိုင်ငံရေး ဆွေးနွေးလိုသည့် ကချင်လွှတ်လပ်ရေးအဖွဲ့ (KIA)၊ တအန်းလွတ်မြောက်ရေးအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)၊ ရခိုင်အဖွဲ့ (AA)၊ ရှမ်းအဖွဲ့ (SSPP) တို့ဖြင့်ဖွဲ့ စည်းထားခြင်းဖြစ်သည်။
မတ်လ ၂၆ ရက်နေ့မှ ၂၈ ရက်အထိ ပန်ခမ်းမြို့တွင်ပြုလုပ်ခဲ့ကြသည့် FPNCC အစည်းအဝေးတွင် မျက်မှောက်ပြည်တွင်းနိုင်ငံရေးအခြေအနေနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တိုးတတ်ရေးအပေါ် ဆွေးနွေးမှုပြုလုပ်ခဲ့ပြီးနောက် ယခုဆုံးဖြတ်ချက်အား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အစိုးရမှ ဖိတ်ကြား၍ အစည်းအဝေးတတ်ရောက်ဖြစ်မည်ဆိုပါက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ခရီးစဉ်တွင် လုံခြုံရေး အာမခံချက်ရှိရန်အတွက် ထောက်ပံ့ပေးရန်လည်း အဆိုပါထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
မတ်လ ၂၈ ရက်တွင်သမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဦးဝင်းမြင့်အား FPNCC မှကြိုဆိုလိုက်ပြီး သမ္မသစ်၏ ဦးဆောင်မှုအောက်တွင် မြန်မာ့ငြိမ်းချမ်းရေးကို ဆောလျင်စွာအကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါ FPNCC ၏ အမြဲတမ်းကော်မတီအစည်းဝေးကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ (MNTJP)၊ ရှမ်းပြည်တိုးတတ်ရေးပါတီ (SSPP)၊ ရှမ်းပြည်အရှေ့ပိုင်းငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ (PSC)၊ “ဝ” ပြည်သွေးစည်းညီညွှတ်ရေးပါတီ (UWSP) တို့မှကိုယ်စားလှယ် ၂၇ ဦး တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။